မြစ်ကြီးနား – လဝါး – ဖားကန့်လမ်းအား စစ်ကောင်စီက ပိတ်ပင်ထား
29 January 2022-Kachinwaves
ကချင်ပြည်နယ် မြစ်ကြီးနား -လဝါး – ဖားကန့် လမ်းပိုင်းတွင် ဖြတ်သန်းသွားလာရန် စစ်ကောင်စီက ပိတ်ပင်ထားသည့်အတွက် ခရီးသွားပြည်သူများ အခက်အခဲဖြစ်နေကြကြောင်း သတင်းရရှိသည်။
လဝါးကျေးရွာတွင် ကေအိုင်အေတပ်များရှိသည့်အတွက်ကြောင့် စစ်ကောင်စီမှ ဇန်နဝါရီလ ၂၇ရက်နေ့မှစပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း သိရသည်။
လဝါးလမ်း ပိတ်ထားသည့်အတွက် ခရီးသည်တင်ကားများ ဖားကန့်သွားရန် မိုးကောင်းမြို့ ဘက်သို့ ပတ်ပြီးသွားရသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ကားသမားတစ်ဦးက ပြောသည်။
“ဘယ်အချိန်လမ်းပြန်ဖွင့် မလဲမသိဘူး။ အဲ့ကြောင့် မိုးကောင်းဘက် လမ်းအရမ်းမကောင်းတဲ့ ဘက်ကနေ သွားနေရတယ်”ဟု ကားသမားတစ်ဦးက ပြောသည်။
ကာမိုင်းမြို့နယ်ခွဲ လဝါးကျေးရွာတွင် ကေအိုင်အေတပ်များရှိသည်ဟုဆိုကာမြစ်ကြီးးနားမှ အတက်ဘက်လမ်း မရန်ကထောင်ကျေးရွာဂိတ်ကို ပိတ်ထားပြီး ဖားကန့်ဘက်မှအဆင်းလမ်းတွင် ကာမိုင်း၌ ပိတ်ထားသည်ဟု သိရသည်။