NLD သက်တမ်းတွင် ရပ်နားခဲ့တဲ့ နောင်မွန်လေယာဉ်ကွင်း ပြန်လည်အပြီးသတ်ပေးဖို့ ဒေသခံများအလိုရှိ
ပြည်ခိုင်ဖြိုးပါတီအစိုးရ သက်တမ်းတွင် စတင်ပြုလုပ်ခဲ့ပြီး ဒီချုပ်အစိုးရလက်ထက်တွင် ရပ်နားထားသည့် ပူတာအိုခရိုင်မှ နောင်မွန်မြို့လေယာဉ်ကွင်းကို အမြန်ပြန်လည်ဆောက်လုပ်ပေးရန် အလိုရှိကြောင်း နောင်မွန်မြို့ဒေသခံများကဆိုသည်။
နောင်မွန်လေယာဉ်ပြေးလမ်းသစ်အား ၂၀၁၃-၂၀၁၄ ခုနှင့် ၂၀၁၅-၂၀၁၆ ခုနှစ် စုစုပေါင်းရန်ပုံငွေကျပ် ၂၃၉၉ သန်းပြပြီး ပြုလုပ်ခဲ့သည်ဟု Humanity Institute နှင့် နာမ်ရှနီ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းတို့ ထုတ်ပြန်ခဲ့သည့် ၂၀၁၁ -၂၀၁၆ နောင်မွန်မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ တွေ့ရှိချက်များ စာအုပ်၌ ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရအနေနဲ့ လေယာဉ်ကွင်းဆောက်လုပ်ရန် ဘတ်ဂျက်အခက်အခဲရှိသည်ဟုဆိုကာ ရပ်ဆိုင်းလိုက်သည်မှာ ယနေ့အချိန်ထိဖြစ်ပြီး လေယာဉ်ကွင်း ဆောက်လုပ်မှု မပြီးစီးနိုင်သေးသောကြောင့် ဒေသခံများအခက်အခဲရှိကြောင်း Rev. ဆင်ဆားရ်က ပြောသည်။
“ကျွန်တော်က မြစ်ကြီးနားတက္ကသိုလ်တက်တဲ့အချိန်မှာ နှစ်နှစ် လေယာဉ် စီးဖူးတယ်။ ဒီကနေတိုက်ရိုက် မြစ်ကြီးနားကို၊ အဲ့ဒါကြောင့် ဒီဒေသခံတွေလည်း တော်တော်လေးအသွားအလာ အဆင်ပြေကြတယ်။ ဈေးနှုန်းလည်း ဒီမှာက ချိုသာတယ် အဲ့အချိန်မှာ နည်းနည်းဈေးပေါတာပေါ့ ။ ဒါပေမဲ့ အခုက ပြောင်းပြန်လိုဖြစ်နေတယ် ဖားကန့်ထက်တောင်မှ ဈေးကြီးတယ် ဒီမှာက အဲ့ဒါကြောင့် တစ်ဖက်တစ်လမ်းက လေယာဉ်ကွင်းပြီးစီးသွားရင်တော့ ဈေးနှုန်းလည်း ကျလာမယ်။ ဒီဒေသခံတွေအတွက်လည်း အသွားအလာ အဆင်ပြေမယ်လို့ ကျွန်တော်တို့ ထင်တယ်”ဟု နောင်မွန်မြို့ နှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာ Rev. ဆင်ဆားရ်က ပြောသည်။
၁၉၇၈ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် နောင်မွန်မြို့လေယာဉ်ကွင်းဖွင့်ပွဲတွင် ပါဝင်ခဲ့ဖူးသူ ဦးချန်တန်ဖုန်ဆာရ်း ကလည်း ယခုလို ပြောသည်။
“လေယာဉ်ကွင်းဖွင့်ပွဲလုပ်တယ်။ အဲ့ဒီဖွင့်ပွဲမှာ စားခဲ့တဲ့ ကြက်သားပေါ့ ကြက်သားစားလိုက်တော့ အရိုးကို စားမိလို့ လည်ပင်းမှာ တင်သွားတယ်။ အဲ့လိုဖြစ်ပြီးမှ ဒီမှာ မထုတ်နိုင်ဘူး။ အဲ့ဒီလေယာဉ်နဲ့ပဲ မန္တလေးကို ဆင်းသွားတာ၊ မန္တလေးမှာပဲ ထုတ်ပေးတယ်။ အဲ့ဒီကြက်ရိုးစူးတာ အဲ့ဒါလေယာဉ်ကွင်း လုပ်တဲ့အကျိုးကရှိတယ်လို့ ပြောချင်ပါတယ်။” ဟု ၎င်းက ဆိုသည်။
အဆိုပါ လေယာဉ်ကွင်းအား ၂၀၂၁ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ကြားသိရပြီး အသေးစိတ်ကိုတော့ ကြာသိရခြင်းမရှိသေးကြောင်း နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
နောင်မွန်မြို့နယ်တွင် လူဦးရေ ၈၀၀၀ကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည် သာမက အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလည်း ကောင်းမွန်စွာ မရရှိသေးသည့် မြို့နယ်ဖြစ်သည်။
ပုံ။ နောင်မွန်မြို့က ဆောက်လက်စ မပြီးခင် ရပ်ထားလိုက်တဲ့ လေယာဉ်ကွင်း