စစ်ဘေးဒုက္ခသည်များ ၂၀၂၃ အပြီး နေရပ်ပြန်နိုင်ရန် ဆုံးဖြတ်ထား
အစိုးရနှင့် ကေအိုင်အေ နှစ်ဖက်စလုံးမှ သဘောတူညီချက် ရရှိပြီ ဖြစ်သောကြောင့် စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကို မကြာမီအချိန်ကစပြီးစတင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC) အဖွဲ့ ပူးတွဲ ဥက္ကဌ ဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်ကဆိုသည်။
Covid-19 ကြောင့် ယခုလုပ်ဆောင်ချက်များ နှောင့်နှေးနေသော်လည်း ကေအိုင်အိုနှင့် အစိုးရ ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များ အပြီးသတ် နေရပ်ပြန်နိုင်ရေးကို ၂၀၂၃ ခန့်တွင် အပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။
စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်ရေးကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစပြီး KHCC ကို ဖွဲ့စည်းကာ လုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကဆိုသည်။
“နေရပ်ပြန်ရေးကို အစိုးရဘက်ရော ကေအိုင်အိုဘက်ရော နှစ်ဖက်နဲ့ညှိနှိုင်းဆွေးနွေးပြီးမှ လုပ်လာတဲ့အချိန်မှာ နောက်ဆုံးကတော့ သဘောတူညီချက်ရတဲ့ (၁၇)ရွာလို့တော့ သတ်မှတ်ထားတယ်။ ဒါပေမဲ့ အဲ့ထက်ပိုမယ်။ နောက်ပြီးမှ ဒီ၂၀၂၃မှာ ပြီးအောင်လုပ်ဖို့အတွက် ညှိနှိုင်းထားတယ်။ လောလောဆယ်ဆယ်တော့ ကေဘီစီဆိုက်ကရော ကက်သလစ်ဆိုက်ကရော လုပ်နေတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်”ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောသည်။
ယခုလက်ရှိအနေနဲ့ ဗန်းမော်ခရိုင်တွင် မိုင်းခေါင်၊ မုန်းဒိန်ပါ၊ ကျောက်စခန်းနှင့် ပူတာအို၊ ဆွမ်ပရာဘွမ်ဘက်မှာရှိသည့် စစ်ဘေးဒုက္ခသည်များကိုလည်း နေရပ်ပြန်ရေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေါက်တာဆမ်ဆွန်ကဆိုသည်။
ပထမဦးစားပေးအနေဖြင့် စစ်ဘေးဒုက္ခသည်များသည် ကိုယ့်နေရပ်ကိုယ်ဒေသကို ပြန်နိုင်ရေးဖြစ်ပြီး ဒုတိယဦးစားပေးအနေဖြင့် ကိုယ့်နေရပ်ဒေသကို ပြန်ရန် အခက်အခဲရှိသည့် သူများက ၎င်းတို့ နေထိုင်လိုသည့် နေရာတွင် နေထိုင်နိုင်ရန် ဆောင်ရွက် ထားကြောင်းကို KHCC အဖွဲ့၏ ပူးတွဲ ဥက္ကဌ ဖြစ်သူ ဒေါက်တာပီတာခါးအောင်တူးက ပြောသည်။
“ကိုယ်ရဲ့ ဌာနေကို ပြန်သွားနိုင်အောင်အင်မတန်အရေးကြီးပါတယ်။ လုံးဝအဆင်မပြေဘူးဆိုရင်လည်း တခြားတစ်နေရာပေါ့ အဆင်ပြေတဲ့နေရာမှာ ပိုပြီးတော့ ကိုယ့်ဘဝလုံခြုံမှုအတွက်ကောင်းတဲ့နေရာမှာ နေတယ်ဆိုတာလည်းပဲ ပထမဆုံးအနေနဲ့တော့ အခက်အခဲတော့ရှိမှာပဲ NGOအဖွဲ့အစည်း လူမှုအဖွဲ့အစည်းအမျိုးမျိုးကနေ ပြီးမှ သူတို့ကို ပြန်သွားတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ကူညီပေးမှာဖြစ်တယ်။ နိုင်ငံတော်အစိုးရလည်းပဲ သူ့မှာလည်း ဘတ်ဂျက်ရှိတယ်။ တခြားနိုင်ငံခြားကလည်း ကူညီနေတာလည်းရှိတယ်”ဟု ဒေါက်တာပီတာခါးအောင်တူးက ပြောသည်။
KHCC မှစစ်ဘေးဒုက္ခသည် အိမ်ထောင်စု တစ်ရာဝန်းကျင် နေရပ်ပို့ထားနိုင်ပြီဖြစ်ပြီး ၂၀၂၀ မကုန်မီ အိမ်ထောင်စု ၅၀၀ ခန့်ကို နေရပ်ပြန်နိုင်ရန် စီစဉ်ထားကြောင်းလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ဆိုသည်။
KHCC သည် ဘာသာရေးအဖွဲ့ပေါင်းစုံ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) ကချင်လူမှုအဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းထားသော ကော်မတီအဖွဲ့ ဖြစ်သည်။