ကချင်ပြည်နယ်ပြည်သူ့ပါတီသည် USDP၊ NLD အပါ မည်သည့် ပြည်မပါတီနှင့် ပူးပေါင်းခြင်းမရှိကြောင်း စာထုတ်ပြန်
ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)သည် ပါတီများပူးပေါင်းထားသော ပြည်နယ်ပူးပေါင်းပါတီများနှင့် လက်တွဲဆောင်ရွက်မှုများရှိသော်လည်း USDP နှင့် NLD သာမက မည်သည့်တိုင်းဒေသကြီးအခြေစိုက်ပါတီများနှင့်မူ အတူပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းကို ယနေ့ရက်စွဲဖြင့် စာထုတ်ပြန်ခဲ့သည်။
“အဓိကတော့ သတင်းထုတ်ပြန်ချက်ဖြစ်တယ်။ ဒါကဘာလဲဆိုတော့ ပြည်သူလူထုကို အသိပေးခြင်းဖြစ်ပါတယ်။ အသိပေးရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့ နယ်တွေမှာ သွားရတဲ့အချိန်တွေမှာ ကျွန်တော်တို့ဟာ အထူးသဖြင့် ပြည်သူလူထုဟာ ပြည်သူလူထုအနေနဲ့ရော တခြားပါတီအနေနဲ့ရော USDP(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)နဲ့ ပေါင်းပြီးမှ မဟာမိတ်လုပ်တယ်တဲ့ဟာမျိုး၊ ပြောထားတဲ့ဟာတွေ ရှိတယ်။ နောက်ပြီးမှ ကျွန်တော်တို့ ပါတီထဲက လူတွေလည်းဒါမျိုး ငွေယူသုံးစွဲထားတဲ့ဟာတွေရှိတယ်။ ဒါပြီးမှ ပါတီဝင်တွေဖြစ်တယ် ဆိုတဲ့ဟာကို အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီဟာ USDP ပါတီ နဲ့လည်းကောင်း၊ ဒီNLDနဲ့လည်းကောင်း ဘာမှအလုပ်အတူလုပ်ခဲ့တာမရှိပါဘူး။ အခြားပြည်မပါတီတွေနဲ့လည်း အလုပ်အတူလုပ်ခဲ့တာ မရှိဘူးဆိုတဲ့အကြောင်းအသိပေးကြေညာခြင်းဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုဥက္ကဌ (၂) ဦးအောင်ခမ်းပြောသည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) အနေဖြင့် ဆော့လော်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၂)နေရာနှင့် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂နေရာကလွဲပြီး ကျန်နေရာ (၆၇)တွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ယခင်က ကချင်ပါတီ သုံးခုပူးပေါင်းပြီး အသစ်တည်ထောင်ထားသော ပါတီဖြစ်ပြီး နောက်ထပ် ပါတီတစ်ခုထပ်မံပူးပေါင်းလာသောကြောင့် ကချင်ပါတီလေးခုပူးပေါင်းထားသော ပါတီဖြစ်သည်။