ကချင်ပြည်နယ်ယာဉ်လိုင်းအချို့ ပြေးဆွဲမှုရပ်နား
ကချင်ပြည်နယ်ယာဉ်လိုင်းများ ပြေးဆွဲမှု လောလောဆယ် ၁၅သင်း ရပ်နားထားပြီး၊ ယနေ့ပြီးလျှင် ယာဉ်လိုင်း တော်တော်များများ ရပ်နားသွားနိုင်သည့် အခြေအနေရှိကြောင်း ကချင်ပြည်နယ် ယာဉ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းမြင့်ဦးက ဆိုသည်။
“အခုလောလောဆယ်ဆယ် ၁၅လိုင်းရှိပြီ ပိတ်တာ။ မန္တလေး-မြစ်ကြီးနားတွေပေါ့။ ပြည်နယ်အတွင်းလည်း ဒီတိုင်းဆိုရင် ပိတ်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်က ဌာနဆိုင်ရာကနေလည်း ကြပ်မတ်တာလည်း နည်းနည်းလေးရှိတယ်။ ပြည်နယ်အတွင်း ယာဉ်အသေးတွေရော အဝေးအသင်းယာဉ်လိုင်းတွေကအစ သူက တခုံကျော်ထိုင်ဖို့ဆိုပြီး ပြောထားတာရှိတယ်လေ။ အောက်ခြေမှာကျတော့ နှစ်ဆကောက်ဖို့ဆိုတာ တော်တော်လည်း ခဲယင်းတယ်။”ဟု ဦးထွန်းမြင့်ဦးက ဆိုသည်။
အဝေးယာဉ်လိုင်းအများသည် ရန်ကုန်၊ မန္တလေးတို့တွင် အခြေစိုက်ပြီး မန္တလေးတွင်လည်း ယာဉ်လိုင်းများ ရပ်နားထားသည့်အတွက် ကချင်ပြည်နယ်လိုင်းများလည်း ရပ်နားသွားရန်ရှိကြောင်း ဆိုသည်။ ယနေ့အထိရပ်နားထားသည့် ယာဉ်လိုင်းများမှာ မန္တလေး၊ ရန်ကုန်၊ နေပြည်တော် သွားသည့်ယာဉ်လိုင်းများနှင့် ပြည်နယ်တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်း ပါဝင်ကြောင်း ဆိုသည်။ ပြည်နယ်တွင်း မြစ်ကြီးနား-ဖားကန့်၊ မြစ်ကြီးနား-တနိုင်း၊ မြစ်ကြီးနား-ဗန်းမော်-လွယ်ဂျယ် စသည့် မြို့များသို့ ပြေးဆွဲသည့် ဂျိန်ဖေါ့ဧရာဂိတ်လည်း ဧပြီလ ၈ရက်နေ့မှစ၍ ရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါယာဉ်အသင်း၏ ဂိတ်မှူး ဦးအောင်ဆွေက ဆိုသည်။
“ပြည်နယ်တွင်းလည်း ပိတ်ကုန်ပြီ။ ကျွန်တော်တို့က ခရီးသည်မရှိတာရယ်။ ကြောက်တာရယ်ပေါ့။”ဟု ကိုအောင်ဆွေက ဆိုသည်။ ကချင်ပြည်နယ်တွင်း မှတ်ပုံတင်ထားသည့်ယာဉ်အသင်း ၉၅သင်းရှိပြီး ၈၇သင်းသည် ပုံမှန်ပြေးဆွဲနေရာ လက်ရှိတွင် အများပိုင်းက ပြေးဆွဲမှုရပ်နားထားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်းလည်း ဦးထွန်းမြင့်ဦးက ဆိုသည်။
ကချင်ပြည်နယ်မှ တိုင်းဒေသကြီးကျော်၊ ပြည်နယ်ကျော်အနေဖြင့် မန္တလေးကို ၇သင်း၊ မုံရွာ ၂သင်း၊ နေပြည်တော်ကို ၂သင်း၊ ရန်ကုန်ကို ၁၀သင်း၊ မကွေးကို ၂သင်း စုစုပေါင်းယာဉ်အသင်း express ကားကြီးများဖြင့် ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ၂၃သင်းရှိကြောင်း ဆိုသည်။ မြစ်ကြီးနား-ရန်ကုန်ကို ပြေးဆွဲနေသည့် High class ယာဉ်လိုင်းလည်း ရပ်နားထားပြီဖြစ်သည်။