တပ်ကုန်းရပ်ကွက် လူနေအိမ်အချို့ ရေဘေးနှင့်ကြုံနေရ
မြစ်ကြီးနားမြို့နယ် တပ်ကုန်းရပ်ကွက် စံပြနယ်မြေ(၃)တွင် ရေမြောင်းလမ်းပိတ်ဆို့နေ၍ လူနေအိမ် ၃၀ ဝန်းကျင် အခက်အခဲနှင့်ကြုံတွေ့နေရသည်ဟု အဆိုပါရပ်ကွက်တွင် နေထိုင်သူများက ဆိုသည်။
“နေအိမ်က ရေမြုပ်နေပြီဆိုတော့ အဓိက အခက်အခဲက ဘာလဲဆိုတော့ တစ်နေ့လုပ်တစ်နေ့စားဖြစ်တဲ့အတွက် အပြင်ကို ထွက်ပြီးတော့ လုပ်ကိုင်ရှာဖွေ စားသောက်ရတာက လတ်တလော အကျပ်အတည်း ဖြစ်တယ်။ အစိုးရသော်လည်းကောင်း၊ အသင်းအဖွဲ့အစည်းသော်လည်းကောင်း ကူညီပြီးတော့ ဖြေရှင်းပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့”ဟု ရပ်ကွက်နေသူ ဦးပေါက်က ပြောပါသည်။
ရေသည်လူတစ်ယောက်၏ ခါးလောက်နီးပါး ဝပ်နေပြီး အထူးသဖြင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်များနှင့် နာမကျန်းသူများ၏ ကျန်းမာရေး သွားရေးလာရေး စိုးရိမ်ရသည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။
(ဆက်စပ်သတင်း https://kachinwaves.com/?p=1630 )
“သွားရေးလာရေးက တော်တော်ခက်ခဲတယ်။ အိမ်ထဲအိမ်ပြင်ထွက်ဖို့နဲ့ ချက်ပြုတ်စားသောက်ရတာတွေ အခက်အခဲဖြစ်တယ်။ အပြင်ကနေ ဝယ်ပြီးယူလာရင်တောင် ရေထဲချော်ကျရင် စားချင်မှ စားရတော့မယ်။ အလုပ်သွားရင်တောင် စိုးရိမ်နေရတယ်။ ကလေးတွေနဲ့ဆိုတော့ အဓိကအနေနဲ့ရေမြောင်းလေးတော့ ဖောက်ပေးစေချင်တယ်။ မိုးတွင်းမဟုတ်ရင်တောင်မှ ပွင့်လင်းရာသီလောက်တွေမှာ ဖောက်ပေးစေချင်တယ်”ဟု ဦးစိုးလှိုင်က ပြောပါသည်။
၂၀၂၀ ဧပြီလပိုင်းတွင် စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေးတို့ကို တင်ပြထားပြီးဖြစ်ပြီး၊ လက်ရှိရေဝပ်နေသည့်နေရာကို ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြောင်း၊ ဘတ်ဂျက်မရှိသေးသည့်အတွက် လုပ်ဆောင်၍ မရနိုင်သေးကြောင်းကို တပ်ကုန်းအုပ်ချုပ်ရေးမှူးက ဆိုသည်။
တပ်ကုန်းအုပ်ချုပ်ရေးမှူးအနေဖြင့်လည်း အခက်အခဲကြုံနေရသည့် ပြည်သူများနှင့်တွေ့ဆုံပြီး သက်ဆိုင်ရာကို စာတင်ပြီး အကူအညီတောင်းခံရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။
လက်ရှိရေလမ်းကြောင်းပိတ်နေသည့် နေရာသည် ယခင်ကတည်းကဖြစ်ပြီး ယခုနောက်ပိုင်းတွင် နယ်မြေမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး မသိပဲ၊ မြောင်းဧရိယာကို ကျောက်တိုက်စီသည့်သူများကြောင့်လည်း ရေဝပ်မှုပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု တပ်ကုန်းအုပ်ချုပ်ရေးမှူး ဦးဘောက်နော်ကဆိုသည်။
လွန်ခဲ့သော နှစ်များတွင် မိုးရေများပြီး အိုင်နေပေမဲ့လည်း မိုးတိတ်လျှင် ချက်ချင်းဆိုသလိုပင် ရေကျသွားပြီး ၂၀၁၈ခုနှစ်မှ စ၍ ဆိုးဆိုးရွားရွား မိုးရေကြီးမှုဖြစ်လာကြောင်း လည်း ရပ်ကွက်နေသူများ၏ ပြောကြားချက်အရ သိရပါသည်။