အစိုးရနှစ်ရပ်ရှိသလို တကယ်ဖြစ်နေသလော
ခဆန်လွင်
၆ မေလ ၂၀၁၈
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရသည် တပ်မတော်အပေါ် အပြည့်အဝ အာဏာသြဇာလွှမ်းမိုးနိုင်ခြင်း မရှိနိုင်ကြောင်း ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ဝေဖန်ထောက်ပြမှုများ ရှိလာခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် မြန်မာနိုင်ငံတွင် အစိုးရနှစ်ရပ်ရှိသလို ဖြစ်နေသည်ဟု အကဲဖြတ်မှု ထွက်ပေါ်လာသည်အထိ ဖြစ်လာပါသည်။ ကချင်ပြည်နယ်မှ တိုက်ပွဲများနှင့် တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ လူ့အခွင့်အရေးဆိုင်ရာ ပြသာနာများကလည်း အထက်ပါ ဝေဖန်ထောက်ပြမှုများအတွက် ပုံကောင်းသာဓကလို ဖြစ်လာနေပြီ ထင်ပါသည်။
ကေအိုင်အိုအား တိုက်ခိုက်နေမှုများ ရပ်တန့်ရန် ကာကွယ်ရေး ဝန်ကြီးဌာနကို ယခင်အစိုးရ လက်ထက်တွင် သမ္မတဦးသိန်းစိန်မှ ညွှန်ကြားချက်ရှိခဲ့သော်လည်း ထိုးစစ်ဆင်တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိခဲ့သည့်အတွက် တပ်မတော်သည် သမ္မတ၏ ညွှန်ကြားချက်ကို လစ်လျှူရှုသည်ဟု ဝေဖန်မှုများ အပြောများခဲ့ပါသည်။
ယခုနှစ် ဧပြီလအတွင်း ဖြစ်ပျက်ခဲ့သော ကေအိုင်အေနှင့် တပ်မတော်ကြားက တိုက်ပွဲများကြောင့် အရပ်သားပြည်သူ အနည်းဆုံးသုံးထောင်ခန့် ပိတ်မိခဲ့သည်၊ ပိတ်မိနေဆဲအရပ်သားများရှိနေဆဲဖြစ်သည်ဟု သတင်းမီဒီယာများတွင် သတင်းပေးပို့ထားပါသည်။ ထို့အပြင် ပြည်တွင်းပြည်ပများ၌ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ရှိနေသလို၊ ပိတ်မိနေသော အရပ်သားပြည်သူများကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ထုတ်ပြန်ချက်ထုတ်ကာ တပ်မတော်နှင့် ကေအိုင်အေကို တိုက်တွန်းမှုများလည်း ရှိနေပါသည်။
ပိတ်မိပြည်သူများ လုံခြုံရာသို့ခိုလှုံနိုင်ရေးအတွက် ဧပြီလ ၃၀ရက်နေ့၌ မြစ်ကြီးနားမြို့တွင် ထောင်ချီသော ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ကချင်လူငယ်များက သပိတ်စခန်းဖွင့်လှစ်ကာ ဆက်လက်တောင်းဆို နေကြပါသည်။ ထိုသို့သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုရာမှ ဧပြီလ ၃ရက်နေ့ညတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ပြီး ဝန်ကြီးချုပ်ကိုယ်တိုင်လိုက်ပါပြီး မံဝယ်(လိုင်နောင်ခူး)ဘက်မှ အရပ်သားပြည်သူများအား သွားရောက်ခေါ်ထုတ်နိုင်ရန် ညှိနှိုင်းသဘောတူခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပါသည်။
ဧပြီလ ၄ရက်နေ့တွင် ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)နှင့် သပိတ်ကော်မတီအဖွဲ့ကိုယ်စားလှယ်များ ဦးဆောင်သည့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ ထွက်ခွာခဲ့သော်လည်း တိုင်းမှူးသည် သွားရောက်တွေ့ဆုံရန်နှင့် စာနပ်ရိက္ခာကူညီပေးရန်အတွက်သာ ခွင့်ပြုခဲ့သည့်အတွက် သွားရောက်ခေါ်ထုတ်ရန် သွားခဲ့သောအဖွဲ့သည် ကာမိုင်းမြို့မှ ခေါက်ပြန်ခဲ့ရသည်ဟု ခရီးစဉ်ကို ဦးဆောင်သွားသူများမှ ရှင်းလင်းခဲ့သည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ BBC မြန်မာပိုင်းသတင်းဌာနသို့ ပြောကြားရာတွင် ၎င်းကိုယ်တိုင် ပိတ်မိပြည်သူများကို သွားရောက်ခေါ်ထုတ်ရာတွင် လိုက်ပါမည်ဟုပြောဆိုခြင်းသည် ကြားလူက မသိပဲပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့သို့ ဝန်ကြီးချုပ်၏ပြောဆိုမှုနှင့် သပိတ်ကော်မတီဘက်မှ သိရှိထားမှုကွဲလွဲသွားခြင်းသည် ဝန်ကြီးချုပ်အပါအဝင် အစိုးရအပေါ် ပြည်သူများ၏ယုံကြည်မှု ကျဆင်းစေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထို့အပြင် ဝန်ကြီးချုပ်နှင့် တွေ့ဆုံညှိနှိုင်းပြီးမှ မံဝယ်(လိုင်နောင်ခူး)ဘက်မှ ပိတ်မိပြည်သူများကို ခေါ်ထုတ်နိုင်ရန် သွားခဲ့သောအဖွဲ့သည် တပ်မတော်ဘက်မှ တားမြစ်မှုကြောင့် ကာမိုင်းမြို့မှ ခေါက်ပြန်ခဲ့ရပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကချင်ပြည်နယ်ကိုရောက်လာပြီးနောက်တွင် တပ်မတော်၏ သဘောတူညီမှုဖြင့် အဆိုပါ မံဝယ်ဘက်မှ ပြည်သူများကို ကယ်ထုတ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါသည်။ ဤသတင်းအချက်အလက်များကြောင့်လည်း ပြည်သူလူထု၏အမြင်၌ ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်မရရှိခဲ့ပေ။
တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ရေးအတွက်ဆိုလျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် (သို့) ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည် ရေးဆွဲရမည်ဟု ဝေဖန်ထောက်ပြမှုများ ယနေ့အချိန်အထိ ကျယ်လောင်နေပါသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကသော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုကို ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် NLD နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့မှ ဦးဆောင်ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပါ။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လွှတ်တော်များ၌ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက လွှမ်းမိုးထားနိုင်ပါသည်။ ထို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ခွင့်မရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ဖန်တီးရယူနိုင်ခဲ့ပြီး သူမ၏သြဇာလွှမ်းမိုးမှုကို တရားဝင်အသုံးချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါသည်။
အစိုးရသက်တမ်း နှစ်နှစ်ပြည့်လာသည့်အခါ သမ္မတအပြောင်းအလဲပြုလုပ်ခဲ့သည်။ သမ္မတအပြောင်းအလဲကြောင့် အများကအကောင်းမြင် ကြိုဆိုခဲ့ကြပါသည်။ ယခုသမ္မတဦးဝင်းမြင့်သည် ပြည်သူ့လွှတ်တော်ဥက္ကဌ လုပ်ခဲ့စဉ်ကပြောကြားခဲ့သော မိန့်ခွန်းများတွင် လူ့အခွင့်အရေးကို ထည့်သွင်းပြောကြားမှုရှိခဲ့သည့်အပြင် ယခုသမ္မတဖြစ်လာပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ရန် ပြောကြားခဲ့ပါသည်။
NLD အစိုးရတက်ခါစတွင် ကချင်ပြည်သူများလည်း အားတက်ခဲ့မည်ထင်ပါသည်။ သို့သော် တစ်နှစ်ကျော်နှစ်နှစ်ပြည့်လာသည့် အစိုးရသက်တမ်းတွင် NLD ၏ အမျိုးသားရင်ကြားစေ့ရေးမူသည် တပ်မတော်ကို လိုက်လျောပေးရေးမူဖြစ်သည်ဟု မကျေမနပ်ဝေဖန်သံများ ထွက်ပေါ်လာသည်အထိ ဖြစ်လာသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေသော်လည်း အစိုးရဘက်မှ တပ်မတော်ကို တိကျသည့် ထောက်ပြဝေဖန်မှုများ မပြုလုပ်ခဲ့သောကြောင့် ကချင်ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်ကိုပင် မကျေမနပ်ဝေဖန်မှုများ ထွက်ပေါ်လာနေသည်။
ထိုကဲ့သို့ဖြစ်နေချိန်တွင် လတ်သလော ကချင်ပြည်နယ်၌ ဖြစ်ပျက်နေသော တိုက်ပွဲများကြောင့် ပိတ်မိနေသော ပြည်သူများအရေး ဝန်ကြီးချုပ်၏ ကိုင်သွယ်ဖြေရှင်းမှုသည် ဝန်ကြီးချုပ်၏လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်နိုင်မှုအပေါ် ပြည်သူများအတွက် မေးခွန်းဖြစ်စေသလို၊ မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးသည် အစိုးရနှစ်ရပ်ရှိသလို ဖြစ်နေသည်ဟု ဝေဖန်မှုကို ပိုမိုခိုင်လုံစေသလို ဖြစ်နေပါသည်။