လိုင်နောင်ခူး ပြည်သူများ ၁၅၀ ကျော်အား တပ်သဘောတူညီချက်ဖြင့်ခေါ်ထုတ်နေ
လိုင်နောင်ခူး(မံဝယ်) ပြည်သူများ အယောက် ၁၅၀ ကျော်အား ကချင်ပြည်နယ်အစိုးရမှ ယနေ့ညနေပိုင်း (မေ ၆ ရက်)နေ့မှ စတင်ပြီး ကာမိုင်းမြို့သို့ခေါ်ဆောင်နေပြီဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“ချောင်းဝ လမ်းကနေ ခေါ်ထုတ်မယ်။ ဒီညက ထုတ်နိုင်သလောက်ထုတ်မယ်။ မနက်ဖြန်လည်း ဆက်ထုတ်မယ်။ ခြေကျင်နဲ့ တစ်နာရီလောက် လမ်းလျှောက်ရတဲ့ နေရာရှိတယ်လို့ပြောတယ်။ လျှောက်နိုင်တဲ့သူတွေကိုတော့ လမ်းလျှောက်ပြီး ကားနဲ့တင်ပြီး အင်တော်ကြီးကနေတဆင့် ကာမိုင်းဘက်ကို ဆက်သွားမယ်။” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပြည်ထောင်စု ၀န်ကြီးဒေါက်တာ ၀င်းမြတ်အေး ကချင်ပြည်နယ်သို့ မေလ ၅ရက်နေ့ရောက်လာပြီးနောက် ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထွက်လာမည့်သူများသည် ဒေသခံများ ၁၃၄ ယောက်နှင့် ဧည်သည် ၁၉ ယောက် စုစုပေါင်း ၁၅၃ယောက်ဖြစ်ကြောင်းလည်း ဆိုသည်။ အမျိုးသမီး တစ်ယောက်နှင့် အမျိုးသား တစ်ယောက်သည် ၎င်းတို့ ဆန္ဒအတိုင်း ရွာတွင်သာ ရှိနေမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“တပ်မတော်နဲ့က အမြဲတမ်းညှိနှိုင်းနေတဲ့ဟာဟုတ်တယ်။ အခုက သူတို့(တပ်မတော်) ကလည်း သဘောတူတယ်။” ဟု ၎င်း ဆက်လက်ဆိုသည်။
လမ်းမလျှောက်နိုင်သူများကို စက်လှေနဲ့ တင်ခေါ်ပြီး လှမ်းလျှောက်နိုင်သူများကို တစ်နာရီလောက်လမ်းလျှောက်ပြီး ကားဖြင့် တင်ခေါ်မည်ဖြစ်ကြောင်းလည်းဆိုသည်။
ကချင်လူငယ်များကလည်း တိုက်ပွဲတွင်းပိတ်မိနေသည့် ဒုက္ခသည်များလွတ်မြောက်လာစေရန် ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြီး ထိုင်သပိတ် ပြုလုပ်လျှက်ရှိသည်။