အင်းတော်ဘက်ကို စစ်ကူပို့ဖို့ မုံရွာရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းထဲက တပ်သား (၂) ဦး အရာရှိရဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်
–
မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်ကူသွားဖို့အတွက် မုံရွာမြို့ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲက တပ်သား (၂) ဦး အရာရှိတစ်ယောက်ရဲ့ လက်နက်ခဲယမ်းတွေယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်တပ်သား (၂) ဦးက စစ်ကောင်စီတပ်ဘက်မှ တပ်ရေးဗိုလ်ကြီးရဲ့ MA 5 Pistol (၁) လက်၊ ကျည် အိမ် (၁) ခု၊ ၉ မမ ကျည် (၉) တောင့်၊ .380 မမ ကျည် (၁) တောင့်၊ Pistol အိတ် (၁) ခု တို့ကို ယူဆောင်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးဟာ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းရောက်ခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်အင်အား (၆၀၀) လောက်ပါတဲ့ သံပြားကား (၆) စီးဟာ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စစ်ကိုင်းမြို့မှာရှိတဲ့ ခြေမြန်တပ်ရင်းဌာနချုပ် တပ်မ (၃၃) ကနေ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ထွက်လာခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီစစ်ကြောင်းထဲက တပ်သား (၂) ဦးဟာ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး၊ Special Forces 11-LPDF အဖွဲ့က မသင်္ကာဖွယ်တွေရှိခဲ့လို့ ချောင်းဦး ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF) နဲ့ ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့တို့က ကနဦးအနေနဲ့ ပူးပေါင်းစစ်ဆေးပြီးနောက် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်လက်လွှဲပြောင်း ပေးခဲ့တယ်လို့ Special Forces 11-PDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အကုန်လုံးအင်းတော်ဘက် ပို့မယ်လို့ သိထားရတယ်။ အင်းတော်ဘက်ကနေ ထိခိုက်ဒဏ်ရာရထားတဲ့ စစ်သားတွေကို မုံရွာ (နမခ) တပ်ဆေးမှာ ဆေးကုဖို့ခေါ်ရင်း သူတို့တွေကို တခါတည်း အင်းတော်ဘက်ကို ပို့မယ်လို့ သိရတယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အများစုမှာ မန္တလေးနဲ့ ပဲခူးတိုင်းထဲက စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်ဖြစ်တဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အင်းတော်ကို Y – 8 နဲ့ပို့မယ်လို့ ကနဦးသိရှိထားပါတယ်။ ဘယ်နေ့ပို့မယ်ဆိုတာ မသိရှိရသေးပါဘူး။ တော်တော်များများ မန္တလေးနဲ့ ပခူးတိုင်းထဲက စစ်မူထမ်းဖို့ပေါ်တာဆွဲလာတာ များပါတယ်။”လို့ ဆိုပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး၊ တော်လှန်ရေးတပ်တွေက ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့တွင်းရှိ စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ပေမဲ့ နောက်ဆုံး သိမ်းပိုက်ရန် စခန်းကုန်းတစ်ခု ကျန်ရှိနေသေးကြောင်း သိရပါတယ်။