ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ စကစ ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်စီး
–
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီ ဆက်သွယ်ရေးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်စီးခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၆ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ပုပ္ပါးတောင်မကြီးပေါ်ကိုတက်ပြီး ဝင်ရောက် စီနင်းခဲ့တာဖြစ်တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“ကျွန်တော်တို့ မနက် ၆ နာရီမှာ တောင်ပေါ်တက်ပြီး ဝင်သွားတာပါ။ တိုက်ပွဲတွေက ဟိုလိုကြီးဖြစ်တာမရှိဘူး။ ဒီတိုင်းပဲ သေနတ်ထောက်ပြီး ဝင်စီးခဲ့တာ”လို့ ဆိုပါတယ်။
ပုပ္ပါးတောင်မကြီး စစ်ကောင်စီ ဆက်သွယ်ရေးစခန်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ယောက်ရှိပြီး ကျောက်ဆည် အမှတ် (၃) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း အဆရ (၃) ကနေ လာရောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး အရာခံဗိုလ်နဲ့ တပ်သားတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့ပေမဲ့ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း ပြောပါတယ်။
“သူတို့က ကျောက်ဆည် အမှတ် (၃) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း အဆရ (၃) ကနေ အဲ့ကို တာဝန်ကျတဲ့စစ်သားတွေပေါ့။ အဲ့မှာက သုံးယောက်ပဲရှိတာ။ နှစ်ယောက်ကိုတော့ ဖမ်းမိလိုက်တယ်။ တစ်ယောက်ကတော့ အလည်အပတ်လာတဲ့ ပြည်သူတွေကြား ထွက်ပြေးသွားတာ။ ကျွန်တော်တို့ ပစ်ခတ်ဖမ်းဆီးလိုက်လို့ မတော်လို့ ပြည်သူတွေထိလိုက်မှာစိုးတဲ့အတွက် ကျွန်တော်တို့ လွတ်ပေးလိုက်ရတာပါ”လို့ ဆိုပါတယ်။
ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ် ထိန်းသိမ်းထားစဉ် ခုခံထွက်ပြေးခဲ့လို့ ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်းလည်း ပြောပါတယ်။
သိမ်းဆည်းရရှိတဲ့ လက်နက်တွေက MA11 သေနတ် (၁) လက်နဲ့ UZI သေနတ်အပြင် လက်နက်ခဲယမ်းတစ်ချို့ဖြစ်ပြီး၊ မစ်ရှင်ကိုတော့ Myingyan Black Tiger(MBT) နဲ့ Popa Production & Guerilla Force (PGF) အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအပြီးမှာတော့ ပုပ္ပားတောင်မကြီးကို အလည်အပတ်လာတဲ့ တောင်တက်ခရီးစဉ်တွေကို ယာယီ ရပ်နားခဲ့ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။