ရခိုင်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်များ အမြန်လက်နက်ချရန် ဖမ်းဆီးခံ နပခ တိုင်းဦးစီးချုပ်ပြော
–
ရခိုင်ပြည်နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များမှ စစ်ကောင်စီတပ်များအား AA ထံ အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် ဖမ်းဆီးခံရသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောလိုက်သည်။
ရခိုင်ပြည်နယ်၏ ပထဝီဝင် မြေအနေအထားအရ စစ်ကူပေးရန် မဖြစ်နိုင်တော့သဖြင့် ခေါင်းဆောင်မပီသသူများအတွက် အသက်မစတေးကြပဲ AA နှင့် ဆက်သွယ်၍ အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုလိုက်သည်။
ထို့အပြင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များအနေဖြင့်လည်း ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးနေသည်ကို လက်ခံပြီး၊ လက်အောက်ငယ်သားများ၏ အသက်ကို ငဲ့ညှာသောအားဖြင့် ပြည်သူများကို လေယာဥ်ဖြင့် ဗုံးကြဲခြင်းများ၊ အကြမ်းဖက်ခြင်းများကို ရပ်တန့်ရန်လည်း ၎င်းက ပြောဆိုလိုက်သည်။
AA ၏ လေးဘက်လေးတန် ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကူထောက်ပို့မရောက်ရှိနိုင်တော့ပဲ အစားအစာအပြင် သောက်ရေပါ ပြတ်လပ်သွားပြီး အရာရှိစစ်သည်များလည်း ထိခိုက်သေဆုံးမှုများသောကြောင့် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို လက်လွတ်ခဲ့ရသည်ဟု ဒီဇင်ဘာလ ၂၆ ရက်နေ့က အာရက္ခတပ်တော် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်း၌ (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောခဲ့သည်။
အမ်းမြို့သိမ်းတိုက်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်နှင့် ရုံးအုပ်ချုပ်ရေးမှူး အရာခံဗိုလ် အေးသိန်းတို့ကို အာရက္ခတပ်တော် (AA) က အရှင်လက်ရ ဖမ်းဆီးခဲ့ပြီး၊ မောင်တောအခြေစိုက် (နခခ-၅) မှ ထွတ်ပြေးလွတ်မြောက်ခဲ့သော တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့က အခေါက်ရွှေတုံး၊ ရွှေထည်အချို့အပါအဝင် ငွေသားကျပ်သိန်း (၈၀၀) ခန့်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း AA ကထုတ်ပြန်ခဲ့သည်။
AA သည် ဂွမြို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးကျန်နေသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင်လည်း စစ်ရေးတင်းမာလျက်ရှိနေကြောင်း သိရသည်။