သံသယတရားခံကို သေဆုံးသည့်အထိ ရိုက်နှက်စစ်ဆေးခဲ့သော ပလဖ အဖွဲ့ဝင် (၃) ဦးကို ထောင်ဒဏ် (၇) နှစ်စီချမှတ်
–
ပြည်သူတစ်ဦးကို စစ်ကြောရေးတွင် သေဆုံးသည့်အထိ ရိုက်နှက်ခဲ့ပြီး၊ အလောင်ဖျောက်ရန် ကြိုးပမ်းခဲ့သော ဗန်းမောက်မြို့နယ်မြောက်ပိုင်းမှ NUG အစိုးရ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ပလဖ အဖွဲ့ဝင် (၃) ဦးကို ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့်အမှုဖြစ်ပြီး ဗန်းမောက်မြို့နယ် တရားရုံးမှ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အရက်သောက်ထားကြသည့် ပလဖ အဖွဲ့ဝင် (၃) ဦးက အသက် (၆၅) နှစ်အရွယ် ဦးသောင်းညွန့်နှင့် အသက် (၆၄) နှစ်အရွယ် ဒေါ်မခိုင် ဆိုသူတို့လင်မယားကို မူးယစ်ဆေးဝါးရောင်းဝယ်သည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ရာမှ လက်လွန်၍ အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။
“ရိုက်ထားတာများ ညိုမဲလို့။ အမျိုးသားရော အမျိုးသမီးရော ရိုက်ခံထားရတာ။ ဆေးဆရာမ ပြောတာတော့ သေဆုံးလောက်တဲ့ ဒဏ်ရာမတွေ့ဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ သေဆုံးသွားတဲ့ ဦးလေးက နှလုံးရောဂါ အခံရှိတယ်တဲ့။ အဲ့တာကြောင့် သေသွားတာဖြစ်နိုင်တယ်လို့ ပြောတယ်။”ဟု ဆိုသည်။
ပလဖ အဖွဲ့ဝင်တို့က ရိုက်စစ်နေစဉ် အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့သည့်အတွက် အလောင်းဖျောက်ရန် ကြိုးပမ်းခဲ့ပြီး၊ ရပ်ရွာလူကြီးများနှင့် ပြည်သူများက အချိန်မီသိရှိခဲ့သောကြောင့် အရေးယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံအမျိုးသမီးက ပြောပါသည်။
“သူတို့က သေသွားတာကို ရပ်ရွာကိုလည်း အကြောင်းမကြား၊ သူတို့အထက်လူကြီးကိုလည်း အသိမပေးပဲ သင်္ဂြိုလ်မလို့တောင် လုပ်နေပြီ။ အဲ့အချိန်မှာ ရပ်ရွာလူကြီးတွေက သတင်းရလို့ သွားတဲ့ခါမှပဲ ဟား ဒါအရေးယူမှ ပဲရမယ်။ မသင်္ဂြိုလ်နဲ့ဦးဆိုပြီး အမှုစစ်ဖို့ အလောင်းကိုဆေးခန်းကို အားချင်း ခေါ်သွားလိုက်တော့တာ။”ဟု ဒေသခံက ဆိုသည်။
ဖမ်းဆီးရိုက်နှက်ခံခဲ့ရသော လင်မယားနှစ်ဦးထဲမှ အမျိုးသားဖြစ်သူသည် မူးယစ်ဆေးဝါးသုံးစွဲမှု မရှိသလို ရောင်းဝယ်မှုလည်း မရှိသော်လည်း အမျိုးသမီးဖြစ်သူကတော့ ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ်တွင် မူးယစ်ဆေးဝါးရောင်းမှုကြောင့် ပထမအကြိမ် သတိပေးခံခဲ့ရသူဖြစ်ပြီး၊ အမျိုးသားဖြစ်သူက အာမခံ ခံဝန်ထိုးခဲ့သဖြင့် ပြန်လွတ်လာသူဖြစ်ကြောင်း သိရသည်။
“သေဆုံးသူရဲ့ မိန်းမက အရင်က ဆေးလည်းရောင်းတယ်။ ဆေးလည်းစွဲနေတယ်။ ပထမတစ်ခေါက် သူ့ကိုဖမ်းပြီး ဆေးလည်းဖြတ်ပေးပြီးပြီ။ အဲ့ခါတုန်းက သူ့ယောက်ျားက ခံဝန်နဲ့ထုတ်ပေးခဲ့ရတာ။ အခုတစ်ခေါက်ကျတော့ ရောင်းဝယ်တာမမိပဲ၊ အထင်နဲ့ဖမ်းပြီး ရိုက်လိုက်လို့ လက်လွန်သွားတာ။ တကယ်တမ်းတော့ သေဆုံးသွားခဲ့တဲ့ အမျိုးသားက ဆေးရောင်းတာလည်း မရှိသလို ဆေးသုံးစွဲတာလည်း မရှိပေမဲ့ သူ့အမျိုးသမီးသုံးစွဲဖို့တော့ ဆေးဝယ်ပေးတာတွေရှိတယ်လို့ တော့ပြောတယ်။ ဒါပေမဲ့ ဆေးရောင်းနေတာ လက်ဝယ်မမိဘူး။”ဟု ဆိုပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဗန်းမောက်မြို့နယ်မြောက်ခြမ်း ပအဖ အဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗန်းမောက်မြို့ထဲက မူးယစ်ဆေးရောင်းနေကြ ဒေါ်ဒီဇင်ဘာဆိုသူသည် အဖမ်းခံရသည့် အမျိုးသမီးအိမ်ကို လာလည်ချိန် မူးယစ်ဆေးဝါးများ ပါလာခဲ့မည်အထင်နှင့် ပလဖ တို့က ဖမ်းဆီးရိုက်စစ်စဉ် လက်လွန်းသွားကြောင်း၊ ရိုက်နှက်ခဲ့သူ ပလဖ တို့ကို ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်ပြီဖြစ်ကြောင်း ပြောသည်။
“ပထမတစ်ခေါက်က သူတို့ကို ဖမ်းပြီးလို့ ခံဝန်နဲ့ပြန်လွတ်ပေးလိုက်ပြီပေါ့လေ။ ဖြစ်ချင်တော့ သူတို့ဆေးဝယ်နေကြ မြို့ထဲက ဒေါ်ဒီဇင်ဘာဆိုသူက အဲ့အိမ်ကို ရောက်ခဲ့တော့ ကလေးတွေ (ပလဖ) က ဆေးရောင်းနေပြန်ပြီဆိုပြီး ထင်ကြေးနဲ့ပဲ ဝှိုက်ဖမ်း ဖမ်းလိုက်တာ။ အမျိုးသမီးကတော့ ဝန်ခံတယ်။ ရောင်းတာတော့ မရောင်းတော့ဘူးပေါ့လေ။ ဒါပေမဲ့ ဆေးကတော့ အခုထိ သုံးစွဲနေသေးတယ်ပေါ့လေ။ ဒါပေမဲ့ လူသတ်မှုဟာ လူသတ်မှုပဲဆိုတော့ ကျွန်တော်တို့ကတော့ ထောင် (၇) နှစ်စီ ချမှတ်လိုက်တယ်။”ဟု ဆိုပါသည်။
ဗန်းမောက်မြို့နယ်တွင် ယခုလို ဖမ်းဆီးရိုက်နှက်မှုများ မကြာခဏဖြစ်ကြုံနေရပြီး ယခုလို လူသေဆုံးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်းဆိုကာ ဆန္ဒပြ လှုံ့ဆော်သူများလည်း ရှိခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်သည် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းများအရ လူဦးရေ တစ်သိန်းကျော်နေထိုင်ပြီး၊ ဗန်းမောက်မြို့၏ တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းသည် တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေဖြစ်ပြီးတော့၊ အနောက်ဘက်ခြမ်းသည် SNA နှင့် စစ်ကောင်စီတို့၏ စိုးမိုးနယ်မြေဖြစ်ကြောင်း သိရသည်။