စစ်အာဏာရှင်စနစ် ဧကန်မုချကျရှုံးမယ်၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်လက် လက်တွဲသွားမယ်လို့ KIO ဥက္ကဌ ပြော
–
မြန်မာတစ်နိုင်ငံလုံးက ပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံတဲ့ တော်လှန်ရေးတိုက်ပွဲဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်ဟာ ဧကန်မုချကျရှုံးသွားမှာဖြစ်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နိုင်ဖို့ အခွင့်အခါကောင်းဖြစ်တယ်လို့လည်း KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
KIO ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တော်လှန်ရေးအတွက် တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားဖို့ ဆုံးဖြတ်ချက် ချမှတ်ထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပါရှိပါတယ်။
မိဘပြည်သူတွေရဲ့ အကြံပြုချက်အရ စစ်ကောင်စီရဲ့ဩဇာခံပြီး စစ်ကောင်စီအတွက် စိတ်ရောကိုယ်ပါ အလုပ်လုပ်ပေးနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးမှုတွေလုပ်ဆောင်ခဲ့ရာ တစ်ချို့ပြည်သူ့စစ်တွေက ရုပ်သိမ်းသွားကြသလို တစ်ချို့အဖွဲ့တွေက ဆက်လက်လုပ်ဆောင်နေတာကို တွေ့နေရတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။ သိပ်မကြာမီ အချိန်ကာလအတွင်းမှာပဲ ပြည်သူ့စစ်အဖွဲ့တွေ ရုပ်သိမ်းပြီး KIO နဲ့ အတူလျှောက်လမ်းကြဖို့ ထပ်မံသတိပေးလိုကြောင်းလည်း ပြောပါတယ်။
KIO ဗဟိုကော်မတီက “Ru Nu Dan Majan Masing” (ပင်မအမြစ်ဖြတ်စစ်ဆင်ရေး – တရားဝင်ဘာသာပြန်ချက် မဟုတ်ပါ။) ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ဖော်ဆောင်နေကြောင်း ပြောပါတယ်။ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ နယ်မြေဒေသနဲ့ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေးယန္တရားအားကောင်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အားထုတ်အကောင်းအထည်ဖော်နေကြောင်း ပြောကြားသွားပါတယ်။
စစ်ရှောင် IDPs တွေ နေရပ်ပြန်၊ ပြန်လည်ထူထောင်ရေး လုပ်နိုင်ဖို့လည်း စီမံကိန်းချမှတ်ပြီး အချို့နေရာဒေသတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ စစ်ရေး အခြေအနေတွေကြောင့် စစ်ရှောင်ပြည်သူတစ်ချို့ဟာ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရသေးသလို၊ တစ်ချို့ပြည်သူတွေက မိမိလုံခြုံမယ်လို့ ထင်မှတ်တဲ့နေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
“သဘာဝဘေးဒဏ်အမျိုမျိုးနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေကိုလည်း တတ်စွမ်းနိုင်သလောက် ကူညီထောက်ပံ့နေပါတယ်။ ဒီလိုကူညီထောက်ပံ့ရေး လုပ်ငန်းတွေမှာ အဖက်ဖက်ကနေ ပါဝင်ကူညီပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ မိဘပြည်သူလူထုတွေ အားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုလိုက်ပါတယ်။”လို့ မိန့်ခွန်းမှာ ပါရှိပါတယ်။
KIO/KIA အမှုထမ်းတွေလည်း စစ်ကောင်စီကို တော်လှန်နေတဲ့ လုပ်ငန်းတိုင်းမှာ အောင်မြင်မှုရအောင် အစွမ်းအစထုတ်ပြီး တာဝန်ကိုထမ်းဆောင်ကြရန်နဲ့ KIO ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမယ့် လုပ်ရပ်မျိုးကို ရှောင်ရှားကြရန်လည်း မိန့်ခွန်းကနေတဆင့် မှာကြားခဲ့တာကို တွေ့ရပါတယ်။
ရှေတန်းစစ်မြေပြင်မှာ ရဲစွမ်းသတ္တိအပြည့်နဲ့ ကြိုးစားအားထုတ်နေတဲ့ ရဲဘော်ရဲဘက်တွေလည်း ကိုယ်ကျရာတာဝန်တွေကို ကျေပွန်စွာခိုင်ခိုင်မာမာ ဆက်လက်ထမ်းဆောင်သွားကြရန်နဲ့ ရဲဘော်တို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိထားတဲ့ အောင်မြင်မှုတွေကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုချီးကျူးကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်မြောက် မိန့်ခွန်းမှာ ပြောကြားခဲ့တာကိုတွေ့ရပါတယ်။
KIO (Kachin Independence Organization) ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ကေအိုင်အို က တော်လှန်ရေးကို ဦးဆောင်တဲ့ နိုင်ငံရေးဦးဆောင်ပါတီ ဖြစ်ပါတယ်။ ကေအိုင်အို ဖွဲ့စည်းပြီးနောက် ၁၉၆၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ KIC (Kachin Independence Council) ကို ဖွဲ့စည်းပါတယ်။ နောက်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA – Kachin Independence Army) ကို ၁၉၆၁ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းခဲ့ကြောင်း လေ့လာသိရှိရပါတယ်။