ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ကို လေးစားမှုနဲ့ ဂါဝရပြုကြောင်း ပို့စ်တင်ခဲ့တဲ့ ဦးသန်းရွှေရဲ့ သမက် ဖမ်းဆီးခံရ
–
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို လေးစားမှုနဲ့ ဂါဝရပြုကြောင်း လူမှုကွန်ရက်ပေါ်ရေးသားခဲ့တဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးငြိမ်း ဦးသန်းရွှေရဲ့ သမက် ဒေါက်တာ နေစိုးမောင် ကို စစ်ကောင်စီက အောက်တိုဘာ ၂၃ ရက်နေ့ညနေ ၆ နာရီခွဲမှာ ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
Dr. Nay Soe Maung page မှာတော့ “လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်… ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်း စိတ်အားတက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျောက် စက်ဘီးစီးတိုင်း ဆရာနဲ့မြို့တော်ဝန်တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ်ဆရာ….. ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်…. ဆရာ မြင့်မြတ်သောဘုံမှာ စံစားနိုင်ပါစေ….”လို့ အောက်တိုဘာ ၉ ရက်နေ့က ရေးတင်ထားတဲ့ ပို့စ်ကိုတွေ့ရပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၇ ရက်နေ့ကလည်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ဆိုးရွားနေတဲ့ ကျန်းမာရေးသတင်းနဲ့ ဆုံးပါးသွားခဲ့ရတဲ့ သတင်းကြောင့် စိတ်မကောင်ဖြစ်မိတဲ့အကြောင်းတွေကို ရေးထားပါတယ်။
ဒေါက်တာ နေစိုးမောင် ရေးခဲ့တဲ့ ပို့စ်ထဲမှာ အမည်တပ်ရေးခြင်းမရှိပေမဲ့ သူပြောတဲ့ ဆရာတိုတာက NLD ပါတီ ဒုဥက္ကဌ၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ကို ဆိုလိုခြင်းဖြစ်ကြောင်း လူတွေနားလည်နေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီကတော့ CRPH၊ NUG တွေအပြင် အဆိုပါအဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တာ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းတွေကို သိလို့ဖြစ်စေ၊ မသိလို့ ဖြစ်စေ ပြုလုပ်ခဲ့ရင် အရေးယူခံရမယ်လလို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြောင်း ဆိုပါတယ်။
ဒေါက်တာ နေစိုးမောင် ကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အခုလို ထုတ်ပြန်ထားပါတယ်။
“၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် “Dr Nay Soe Maung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်နေ ဒေါက်တာ နေစိုးမောင်အား ညနေ ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ပါသည်။”လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
Dr. Nay Soe Maung ရဲ့ Facebook page မှာတော့ လူမှုကူညီရေးလုပ်ဆောင်ခဲ့တဲ့ အခြားပို့စ်တွေကိုလည်း တွေ့ရှိရပါတယ်။
စစ်ကောင်စီက သမ္မတဦးသိန်းစိန် လက်ထက်က ပြန်ကြားရေးဝန်ကြီး လုပ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ စာတွေရေးသားခဲ့တဲ့ ဦးရဲထွဋ်ကိုလည်း မမှန်မကန်သတင်းဖြန့်မှုနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။