တမူးမှာ စစ်ကောင်စီစစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်လို့ နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ အရှင်ဖမ်းဆီးမှုတွေရှိ
–
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကလေး-တမူး အာရှလမ်းမကြီးဘေးမှာရှိတဲ့ နန်မွန်းတားကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ကြလို့ နှစ်ဖက်အထိခိုက် အကျဆုံးတွေ ရှိခဲ့တယ်လို့ တမူးဒေသခံ ရဲဘော်တစ်ဦးက ပြောပါတယ်။
တမူးမြို့ထဲကနေ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ကသည်းနဲ့ SNA တပ်တို့ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ အင်အား (၃၀၀) နဲ့ စစ်ကြောင်းထိုးလာပြီး၊ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၆ နာရီခွဲမှာ ရန်ငြိမ်းအောင်ကျေးရွာနဲ့ ခမိတ်ကျေးရွာကြားမှာရှိတဲ့ တမူးခရိုင် တပ်ရင်း (၄) က ကာကင်းစခန်းကို စစ်ကြောင်း (၃) ကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ ကင်းစောင့်နေတဲ့ ရဲဘော် (၆) ဦးထဲမှ (၃) ဦး ကျဆုံးသွားခဲ့ရတယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
“ရန်ငြိမ်းအောင်ကျေးရွာနဲ့ ခမိတ်ကျေးရွာ နှစ်ရွာကြားမှာ ကာကင်းထားတာကို စစ်ကြောင်း (၃) ကြောင်းထိုးလာတာ။ ကျွန်တော်တို့ဘက်က ကြိုလို့တော့သတင်းရတယ် (အောက်တိုဘာ) ၂၂ ရက် နေ့လယ် ၃ နာရီမှာ စခတွေစပြီး စစ်ကြောင်းထိုးတယ်။ ထိတွေ့ဖြစ်တာက (အောက်တိုဘာ) ၂၃ ရက်နေ့ မနက် ၆ ခွဲလောက်မှာ ထိတွေ့ဖြစ်တာ။ ကာကင်းမှာက တပ်စိတ်တစ်စိတ်ပဲထားသာ (၆) ယောက်ပေါ့။ အဲ့အထဲမှာမှ (၃) ယောက်က ခံပစ်ရင်းလွတ်လာတယ်။ တစ်ယောက်က ဗိုက်ရယ်၊ ခြေတောက်ရယ် ထိထားတယ်။ ကျန် (၃) ယောက်ကတော့ ကျသွားတယ်။”လို့ ပြောပါတယ်။
ကျဆုံးရဲဘော်တွေဟာ အသက် (၂၃) နှစ်အရွယ် ရဲဘော် ငှက်ရိုး၊ အသက် (၁၈) နှစ် ရဲဘော် ပိုင်ပိုင်နဲ့ အသက် (၁၉) နှစ် အမည်မဖော်လိုတဲ့ ရဲဘော်တစ်ယောက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနိုင်ပြီအထင်နဲ့ ကသည်းတပ်မှ (၄) ယောက်အဖွဲ့ဟာ ဆိုင်ကယ်နှစ်စီးနဲ့ နန်မွန်းတားရွာထဲကို ဝင်ရောက်ချိန် တော်လှန်ရေးရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ (၃) ဦးသေဆုံးခဲ့ပြီး (၁) ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့လည်း ပြောပါတယ်။
“အဲ့အချိန်မှာ စခတွေက နန်မွန်းတားကျေးရွာထဲကို သူတို့နိုင်ပြီထင်ပြီး သူတို့ (စကစ) ရဲ့ ပူးပေါင်းတပ် ကသည်းလေးယောက်ကို ဆိုင်ကယ်နှစ်စီးနဲ့ ဝင်ခိုင်းတယ်။ ကျွန်တော်တို့ ဂိတ်ထဲကိုအရောက်မှာ ပြစ်ဖမ်းဖမ်းတာ သုံးယောက်သေတစ်ယောက်အရှင်မိ၊ သေနတ်လေးလက်ရတယ်။ မိတဲ့သူအိန္ဒိယလူမျိူး ကသည်းတပ်ကတွေ”လို့ ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီလက်အောက်ခံ ကသည်းလူမျိုးတပ်က သုံ့ပန်းကိုလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကျန်ခဲ့တဲ့စစ်ကောင်စီအင်အား (၃၀၀) လောက်ကတော့ တမူးဘက်ကို မပြန်သေးပဲ ရန်ငြိမ်းအောင်ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။