စစ်ပွဲကာလ မန္တလေး – မြစ်ကြီးနား လမ်းမပေါ်က အသက်ရှူသံများ
.
–
“အရှေ့မှာ တိုက်ပွဲဖြစ်နေလို့ လမ်းခဏပိတ်ပါ့မယ်။ ကားတစ်စီးမှ ဖြတ်သွားခွင့် မရှိပါဘူး။ အားလုံး နောက်ပြန်လှည့်ကြပါ”
PDF တံဆိပ်ပါတဲ့ စစ်ယူနီဖောင်း စိမ်းစိမ်းဝတ်ထားတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက သူတို့ရဲ့ စစ်ဆေးရေးဂိတ်ထဲကနေ ထွက်လာပြီး ကားတွေရှေ့ဆက်မသွားအောင် လှမ်းအော်ပြီး သတိပေးနေပါတယ်။
ဒီလိုအဖြစ်အပျက်ဟာ လက်ရှိတော်လှန်ရေး ကာလမှာ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းကို သွားဖူးတဲ့ ကားဆရာတွေနဲ့ ခရီးသည်တွေ မကြာခဏကြုံနေကြရတဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။
မန္တလေး၊ ရွှေဘို၊ မုံရွာကနေ မြစ်ကြီးနားဘက်တက်တဲ့ကားတွေ (သို့မဟုတ်) မြစ်ကြီးနားမှ မန္တလေး၊ ရွှေဘို၊ မုံရွာဘက်ဆင်းတဲ့ ကားတွေဟာ စစ်ကိုင်းတိုင်း အထက်ပိုင်းက အင်းတော်၊ ကောလင်း၊ ကန့်ဘလူ၊ ခင်ဦးနယ်မြို့တွေကို မလွှဲမသွေ ဖြတ်သန်းသွားလာ ရပါတယ်။ အဆင်းဆိုရင် ရွှေဘိုသို့ အရင်ရောက်ရှိပြီး ရွှေဘိုမှတဆင့် မန္တလေး (သို့မဟုတ်) မုံရွာဘက်သို့ ခွဲထွက်သွားကြ ရပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မတိုင်ခင် ပထမအကြိမ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ မစခင်ကဆိုရင် မန္တလေး – မြစ်ကြီးနား ကားတွေဟာ အရှေ့လမ်းဖြစ်တဲ့ မန္တလေး – သပိတ်ကျင်း – ထီးချိုင့် – အင်းတော် – မြစ်ကြီးနား လမ်းကိုသာ အသုံးပြုကြပါတယ်။ မန္တလေး – ရွှေဘို – မြစ်ကြီးနား (သို့မဟုတ်) မုံရွာ – မြစ်ကြီးနား ကားတွေကတော့ အနောက်လမ်းဖြစ်တဲ့ မန္တလေး – ရွှေဘို – ကန့်ဘလူ – ကောလင်း – အင်းတော် – မြစ်ကြီးနား လမ်းကိုသာ အသုံးပြုကြပါတယ်။
ပထမအကြိမ် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှာတော့ မြို့ထဲ စစ်ကောင်စီတပ် အထိုင်ချထားပြီး လမ်းကြောလည်း ပိတ်ဆို့သွားတာကြောင့် ကားတွေအားလုံး စစ်ကိုင်းတိုင်းနယ်မြေကို အများဆုံးဖြတ်သွားရတဲ့ အနောက်လမ်း မန္တလေး – ရွှေဘို – ကောလင်း – အင်းတော် – မြစ်ကြီးနား လမ်းကိုသာ အသုံးပြုကြရတော့တာ ဖြစ်ပါတယ်။ ဘယ်လမ်းက သွားသွား၊ မန္တလေးနဲ့ မြစ်ကြီးနားကို ပေါက်တာမို့ စာရေးသူကတော့ နှစ်လမ်းလုံး သွားဖူးပါတယ်။
▪︎ စစ်ဆေးရေဂိတ်နဲ့ ပေးဆောင်ရတဲ့ ဂိတ်ကြေးများ
မန္တလေး – ဖြစ်ကြီးနား လမ်းတစ်လျှောက် စစ်ကောင်စီဂိတ် စုစုပေါင်း (၄၅) ခုရှိပြီး တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ဆေးရေး ဂိတ်ကတော့ (၇) ခုလောက် ရှိတယ်လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဂိတ်တွေဟာ စစ်ကိုင်းနဲ့ ရွှေဘိုမြို့ကြားမှာ (၁၄) ခု၊ ကန့်ဘလူမြို့နယ်မှာ (၆) ခု၊ အင်းတော်မြို့မှာ (၃) ခုနဲ့ ကချင်ပြည်နယ်အတွင်း (၂၂) ခုရှိတယ်လို့ သိရပါတယ်။
လမ်းတလျှောက်လုံး ဂိတ်တွေပေါလွန်းလို့ လက်ထဲ ကျပ်တစ်ထောင်တန် အုပ်လိုက်ကို ဆောင်ထားရတယ်လို့ ကားဆရာတွေပြောတာကို ကြားသိရပါတယ်။
မန္တလေနဲ့ ရွှေဘိုလမ်းပိုင်းမှာတော့ စစ်ကိုင်းနာပေါက်မှာ စစ်တပ်ဂိတ် (၈) ခုရှိပြီး ခရီးသည်တင်ကား တစ်စီးအတွက် ဂိတ် (၈) ခုလုံးကို ဆောင်ရတဲ့ငွေပမာဏဟာ ခုနှစ်သောင်းရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းအထွက် ကံတလူ စုပေါင်းဂိတ်မှာ တစ်သောင်း၊ အုန်းတောဂိတ်မှာ တစ်ထောင်၊ ရွာသာကြီးဂိတ်မှာ သုံးထောင်၊ လှတောဂိတ်မှာ တစ်ထောင်၊ ရွှေဘိုအဝင်ဂိတ်မှာ သုံးထောင်၊ ရွှေဘိုကိုးပင်ဂိတ်မှာ တစ်သောင်း ကိုးထောင်ကျပ် ပေးရကြောင်း ကားသမားတွေက ပြောကြပါတယ်။
ကန့်ဘလူမြို့နယ်ထဲမှာတော့ ယမနေ စစ်ကောင်စီဂိတ်မှာ တစ်ထောင်၊ ပေကြီး မွေးမြူရေးခြံဂိတ်မှာ တစ်ထောင်၊ ငှက်ပျော်တိုင်းဂိတ်မှာ တစ်ထောင်၊ စံပယ်နံ့သာဂိတ်မှာ နှစ်ထောင်၊ ဇင်းရွာဂိတ်မှာ တစ်ထောင်ကျပ် ပေးရတယ်လို့ ခရီးသည် ကားဆရာတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့ထဲမှာတော့ မြို့အဝင်စုပေါင်းဂိတ်မှာ သုံးထောင်၊ မြိုလယ်မီးပွိုင့်ဂိတ်မှာ တစ်ထောင်၊ မြို့အထွက် ဂိတ်မှာ တစ်ထောင်ကျပ် ပေးရတယ်လို့ ပြောပါတယ်။
ကချင်ပြည်နယ် နန့်စီးအောင် စုပေါင်းဂိတ်နေရာ (၁၃) ခုမှာ တစ်သောင်းသုံးထောင်ကျပ်ပေးရပြီး မိုးညှင်းမြို့ အဝင်ဂိတ်မှာ တစ်ထောင်၊ ဟိုပင်နန်းခွင် ရှမ်းနီပြည်သူ့စစ်ဂိတ်မှာ တစ်ထောင်၊ တောင်နီဂိတ်မှာ နှစ်ထောင်၊ ကညှင်မြိုင်ဂိတ်မှာ နှစ်ထောင်၊ ဆားမှော်ဂိတ်မှာ နှစ်ထောင်၊ မိုးကောင်းမြို့အဝင် စစ်တပ်ဂိတ်မှာ တစ်သောင်းသုံးထောင်၊ မိုးကောင်းတံတားအဆင်းမှာ တစ်ထောင်၊ မြစ်ကြီးနား (၂၁) မိုင်ဂိတ်မှာ လေးထောင်၊ ရှဒေါင်တံတားထိပ်မှာ တစ်ထောင်ကျပ် ပေးရတယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် မန္တလေးကနေ မြစ်ကြီးနားကို ယာဉ်လိုင်းပြေးဆွဲမယ်ဆိုရင် အဆိုပါဂိတ်တွေကို ပေးဆောင်ရမယ့် လမ်းကြေးအတွက် အနည်းဆုံးတစ်သိန်းခွဲနီးပါး ကျသင့်မှာဖြစ်ပြီး၊ အသွားအပြန်ဆိုရင် သုံးသိန်းကျော်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်မှလာတဲ့ ကုန်ပစ္စည်းနဲ့ ဆိုင်ကယ်တွေ သယ်လာမယ်ဆိုရင် ကုန်ပစ္စည်း အနည်းအများပေါ်မူတည်ပြီး လမ်းကြေး ၁၀ သိန်းလောက် ကုန်ကျတယ်လို့လည်း အတွေ့အကြုံရှိတဲ့ ကားဆရာက ပြောပါတယ်။
“ကျွန်တော်တို့ ခရီးသည်ကား မောင်းတဲ့သူတွေက စစ်ကောင်စီဂိတ်တင် အသွားတစ်သိန်းခွဲ၊ အပြန်တစ်သိန်းခွဲ၊ အသွားအပြန် သုံးသိန်းကျော်လောက်ကတော့ ကုန်တယ်။”လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ဂိတ်တွေမှာတော့ ခရီးသည်ကားတွေဟာ တစ်စီးလျှင် တစ်သောင်းနှစ်ထောင်လောက်ကုန်ကျပြီး အင်းတော်မြို့နယ်ထဲက KIA ဂိတ်မှာတော့ တစ်နှစ်စာ ဘီးခွန် နှစ်သိန်းခွဲကုန်ကျပြီး စစ်ရန်ပုံငွေအတွက် ငါးသောင်းထပ်ဆောင် ရတယ်လို့လည်း ပြောပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ ဂိတ်ကြေးတွေဟာ ခရီးသည် တင်ကာတွေအတွက်သာဖြစ်ပြီး၊ ကုန်တင်ကား၊ ကုန်တင်တွဲကားနဲ့ ကုန်တင်ဆီကားတွေကတော့ လမ်းကြေးသိန်းနှစ်ရာကျော်အထိ ကုန်ကျတယ်လို့ ကုန်တင်ကားမောင်းတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ကုန်စည်တင်တဲ့ ကားတွေကျတော့ ပိုကုန်တာပေါ့။ သူကပစ္စည်းတန်ချိန်အလိုက် ပေးဆောင်ရတာ။ စစ်တပ်ဂိတ်ရော PDF ဂိတ်တွေပါ တစ်ဂိတ်ကို ၁၀ ချီပြီး ပေးဆောင်ရတာ။ မန္တလေးကနေ မြစ်ကြီးနားကို တက်မယ်ဆို ဆယ်ဘီးကားဆိုရင် သိန်းငါးဆယ်လောက် ကုန်တယ်။ ကုန်တင်တွဲကားအရှည်တွေဆို သိန်းနှစ်ရာ့ငါးဆယ်လောက် ကုန်တယ်။ ဆီတင်တွဲကားတွေလည်း သိန်းနှစ်ရာကျော်လောက်မှာ ကုန်တယ်။ ဒါကအသွားပဲရှိဦးမယ် အပြန်လည်း ပေးဆောင်ရတယ်။”လို့ ယာဉ်မောင်းတစ်ဦးက ပြောပြပါတယ်။
▪︎ တိုက်ပွဲ၊ စစ်ကောင်စီ၊ ပျူစောထီတွေရဲ့ သောင်းကျန်းမှုနဲ့ ခရီးသွားပြည်သူတွေ ကြုံဆုံရတဲ့ဒုက္ခ
မန္တလေ – မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို အသုံးပြုပြီး ခရီးသွားမယ်ဆိုရင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲကိုတော့ မိုင်ပေါင်း (၁၇၀) ကျော်လောက် ဖြတ်သန်းသွားလာရပါတယ်။
လက်နက်ကိုင် တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေကို ဖြတ်သန်းသွားလာရတဲ့အလျောက် ခရီးသွားတွေဟာ တိုက်ပွဲများစွာနဲ့လည်း ကြုံတွေ့ခဲ့ရပြီး ကားအောက် ဝင်ပုန်းခဲ့ရတဲ့အချိန်တွေ၊ လမ်းဘေးမြောင်းကြား ဝပ်နေရတဲ့အချိန်တွေ ရှိခဲ့တယ်လို့ ခရီးသည်တွေက ပြောပြကြပါတယ်။ စစ်ကောင်စီတပ်က ချောဆွဲလာချိန် တော်လှန်ရေးဘက်က ဖြတ်တိုက်တာတွေလည်း ခံရသလို နှစ်ဖက် တိုက်ပွဲကြားညှပ်လို့ သေဆုံးခဲ့ရတဲ့ အဖြစ်တွေရှိခဲ့ပြီး၊ တိုက်ပွဲကြောင့် လမ်းပိတ်မိကာ ထမင်းငတ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ မန္တလေး – မြစ်ကြနား ပြေးဆွဲနေတဲ့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။
“ခရီးသွားတွေနဲ့ ကားဆရာတွေဘဝက အခုကာလမှာ ခရီးသွားရတာ အရမ်းကို အန္တရာယ်များပါတယ်ဗျာ။ စစ်တပ်က ကားချောဆွဲတာတွေ ကြုံရတယ်။ တိုက်ပွဲရှိတာကို မသိပဲသွားမိလို့ တိုက်ပွဲကြားညှပ်ပြီး သေဆုံးခဲ့ရတဲ့သူတွေ ရှိခဲ့ဖူးတယ်။”လို့ ယာဉ်မောင်တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က တော်လှန်ရေးသတင်းတွေ တင်ဆက်နေတဲ့ Indaw Revolution-IR အဖွဲ့ရဲ့ မှတ်တမ်းများအရ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ပထမပတ်လောက်က အင်းတော်မြို့ရဲ့ တောင်ဘက် တစ်မိုင်အကွာလောက်က လယ်ပြင်ရွာတွင် အင်းတော်မြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေဘိုကနေပြေးဆွဲလာတဲ့ ကုန်တင်ကားတစ်စီး တိုက်ပွဲကြား ရောက်သွားတဲ့အတွက် ပစ်ခတ်ခံခဲ့ရပြီးနောက် အဖေဖြစ်သူ ယာဉ်မောင်းကတော့ ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ အသက် (၁၇) နှစ်အရွယ် ယာဉ်နောက်လိုက် သေဆုံးခဲ့ရတယ်လို့ IR အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အဲ့တုန်းက မှတ်မိသေးတယ်။ ကောလင်းက PDF အဖွဲ့တွေ အင်းတော်ကိုဖြတ်တဲ့အချိန် မြို့ထဲက ထွက်လာတဲ့ ရဲကားနဲ့ ထိပ်တိုက်တိုးပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတာ။ အဲ့ခါ တိုက်ပွဲကြားရောက်လာတဲ့ ကုန်ကားတစ်စီးကလည်း အပစ်ခံလိုက်ရတာပေါ့၊ ယာဉ်မောင်းဖြစ်တဲ့ ဖအေဖြစ်သူကတော့ ဒဏ်ရာပဲရတာ။ အခုမှကားနောက် စလိုက်တဲ့ သားဖြစ်တဲ့သူကတော့ ပွဲချင်းပြီးသေဆုံးသွားခဲ့တာပေါ့။ မှတ်မှတ်ရရ မိသားစုဝင်တွေက Dead Body ကို ရွှေဘိုကိုသယ်ချင်တယ်ဆိုလို့ ကူညီပေးလိုက်ရသေးတယ်။”လို့ ပြောပါတယ်။
ဒါ့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း အင်းတော်နယ်ထဲက နဘားရွာနဲ့ ပင်ဝယ်ရွာကြားမှာ KIA၊ KPDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားချိန် ခရီးသွားကားတစ်စီး ရောက်လာပြီး တိုက်ပွဲကြားညှပ်လို့ ကားပေါ်က အမျိုးသားတစ်ဦး သေဆုံးခဲ့ရဖူးတယ်လို့ Indaw Revolution-IR အဖွဲ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာပင် စစ်ကောင်စီတပ်က ချောဆွဲချိန်လမ်းမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့လို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ ခရီးသွားကားဆရာတွေလည်း ရှိခဲ့ဖူးတယ်လို့လည်း IR အဖွဲ့က ပြောပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့တုန်းကလည်း အင်းတော်မြို့နဲ့ ၁၀ မိုင်အကွာလောက်က မဲဇာရွာရဲစခန်းကို တော်လှန်ရေးအင်အားစုဘက်က ဝင်ရောက်တိုက်ခိုက်ချိန် အင်းတော်မြို့က စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တားဆီးတဲ့အခါ ဆီတွဲကားတစ်စီး ရောက်လာပြီး တိုက်ပွဲနဲ့ကြုံလို့ မီးလောင်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့လည်း IR အဖွဲ့က ထပ်မံပြောပြပါတယ်။
“အဲ့ခါလည်း တခေါက်ပေါ့။ မဲဇာရဲစခန်းတိုက်နေတဲ့အချိန်၊ အင်းတော်ကနေ စစ်ကူလာတဲ့စစ်ကြောင်းကို လမ်းမှာဖြတ်တိုက်ကြတာ အဲ့ခါ ဆီဘောက်ဆာကားတစ်စီးက တော်လှန်ရေးတပ်ဖွဲ့တွေ ရှေ့ရောက်လာတာ။ စကစတွေက ကားကိုဝိုင်းပစ်ကြတော့ ကားကမီးထလောင်သွားတာ။ ကားဆရာတွေကလည်း အကုန်ဆင်းပြေးတော့ လွတ်သွားကြတယ်။”လို့ ပြောပါတယ်။
စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ပြောပြရမယ်ဆိုရင်၊ ကျွန်တော် မြစ်ကြီးနားကနေ မန္တလေးကို ဆင်းလာချိန် ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာ နဘားလမ်းဆုံက ဆိုင်တစ်ဆိုင်မှာ ညအိပ်ရပ်နားနေစဉ် ည ၁၀ နာရီလောက်မှာ စစ်သားတွေက ရုတ်တရက် ကားနဲ့ရောက်ချလာပြီး သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ ကျွန်တော်အပါအဝင် ဆိုင်ရှင်တွေရော တခြားခရီးသွားတွေရော ဆိုင်နောက်ဖေး ရေကန်နား ပြေးဝပ်ခဲ့ရပါတယ်။ အဲ့ဒီညက ချမ်းချမ်းအေးအေးနဲ့ ဖြစ်သလိုသာ အိပ်ခဲ့ရတာကို အမှတ်ရနေဆဲပါ။
မနက်မိုးလင်းတော့ စစ်ကောင်စီတပ်တွေ ဘယ်လိုရောက်ချလာသလဲ၊ ဘာကြောင့် သေနတ်တွေဖောက်ပြီး သောင်းကြမ်းသွားသလဲဆိုပြီး မေးကြည့်တဲ့အခါ ဆိုင်ရှင်ဖြစ်သူက သူသိထားတဲ့ အကြောင်းအရာကို အခုလိုရှင်းပြပါတယ်။
“စစ်ကား (၆) စီးက အထက်ကနေ ဆင်းလာတာ။ အဲ့တာကို နဘားနဲ့ ပင်ဝယ်ကြားမှာ တော်လှန်ရေးအဖွဲ့တွေက ဖြတ်တိုက်တာပေါ့။ စစ်သားတွေက သူတို့ခံရတော့ ဒီမှာ လာသောင်းကြမ်းသွားတဲ့ သဘောမျိုးပဲ။ ကျွန်မတို့ ဒါမျိုးတွေ ခဏခဏကြုံရတယ်။ အိမ်နောက်ဖေးမှာ၊ အိမ်ထိပ်မှာတွေ တိုက်ပွဲဖြစ်တာနဲ့လည်း ကြုံရတယ်။ ကြောက်လန့်နေရပေမဲ့ ရွေးချယ်စရာမရှိတော့ အန္တရာယ်ကြားထဲကပဲ ဒီမှာပဲ ဈေးဆက်ရောင်းနေရတာပေါ့။”လို့ ပြောပါတယ်။
အဆိုပါညကဆို ကားဆရာတစ်ချို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရပြီး ပိုက်ဆံနှင့် ဖုန်းတွေလည်း ပါသွားခဲ့တယ်လို့လည်း သိခဲ့ရပါတယ်။
အဲ့ဒီတုန်းကဆိုရင် စစ်ကိုင်းတိုင်းထဲမှာ ကျွန်တော်ကိုယ်တိုင်တိုက်ပွဲနဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် လမ်းခရီးတစ်လျှောက်က လူသူကင်းမဲ့နေတဲ့ ရွာတွေနဲ့ မီးလောင်ပြာကျပြီး အိမ်တိုင်သာ ကျန်ရှိတော့တဲ့ အိမ်တွေ အများအပြားကိုလည်း တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် မန္တလေး-မြစ်ကြီးနား ခရီးသွားပြည်သူတွေဟာ လမ်းခရီးမှာ တိုက်ပွဲတွေအပြင် ဓားပြတိုက်မှုတွေပါ ကြုံတွေရတယ်လို့ ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၉ ရက်၊ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကိုင်းတိုင်း အင်းတော်မြို့အနီးက နတ်မဟုတ်ကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက PDF ဟန်ဆောင်ပြီး ညအိပ်နားတဲ့ ခရီးသည်ကားတွေနဲ့ ကုန်ကားတွေဆီကနေ ဓားပြတိုက် လုယက်မှုတွေ လုပ်ခဲ့သေးတယ်လို့ Indaw Revolution-IR အဖွဲ့က ပြောပြချက်အရလည်း သိရပါတယ်။
“စစ်ရေးအရ အင်းတော်နယ်မှာ ညနာရီ ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းဖို့ ခွင့်မပြုထားတဲ့ အချိန်ပေါ့။ ကားတွေက ည ၆ နာရီထိုးတာနဲ့ နီးစပ်ရာဆိုင်တွေမှာ လမ်းဘေးရပ်ပြီး အိပ်ရတာ။ အဲ့ခါမှာ နားနေတဲ့ကားတွေဆီမှာ ဓားပြတိုက်တာ။ PDF ဟန်ဆောင်ပြီး လက်လုပ်တွေကိုင်ပြီး တောင်းတာ။ အနောက်မှာကျတော့ စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်ပြီး တိုက်တာ။”လို့ ပြောပြပါတယ်။
မေလ ၁၃ ရက်နေ့ ည ၉ နာရီဝန်းကျင်ခန့်မှာလည်း နတ်မဟုတ်ကြီးရွာအနီးမှာပင် သစ္စာလှိုင် ခရီးသည်ကား ထပ်မံ ဓားပြတိုက်ခံခဲ့ရပြီး ကားဆရာထံမှ ငွေသားနဲ့ ဖုန်းတွေပါသွားပြီး ခရီးသည်တွေဆီကလည်း ဖုန်းနဲ့ရွှေ၊ ငွေတွေ ပါသွားခဲ့တယ်လို့ IR အဖွဲ့က ပြောပြပြန်ခဲ့ပါတယ်။
“အဲ့ဒီအခါတုန်းက အဲ့နေရာမှာ ဓါးပြတိုက်မှုက ဆက်တိုက်ကို ဖြစ်ခဲ့တာ။ သစ္စာလှိုင်ကားက ကားဆရာဆို ငွေ ၁၀ သိန်းနဲ့ ၁၈ သိန်းတန်ဖုန်းပါသွားတယ်။ ကသာက ခရီးသည်တစ်ယောက်ဆိုလည်း ရွှေဆွဲကြိုးတွေရော ငွေသားတွေရော ပါသွားတာ။ တခြားခရီးသည်တွေဆိုလည်း ပါသမျှ ဖုန်းတွေ၊ ငွေတွေအကုန်ပါတာ။”လို့ ပြောပါတယ်။
IR အဖွဲ့ရဲ့ မှတ်တမ်းများအရပင် အင်းတော်-မော်လူးလမ်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ကုန်တင်ကားတစ်စီး ဓားပြတိုက်ခံရပြီး ပိုက်ဆံ (၄၅) သိန်းနဲ့ ဖုန်းတစ်လုံး ပါသွားခဲ့ပြီး၊ ထို့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ ညနေ ၆ နာရီ မှာလည်း အင်းတော်နယ် ပင်ဝယ်ရွာမှာ အင်အား (၇၀) လောက်နဲ့ ရောက်ရှိနေတဲ့ ခမရ (၃၀၉) တပ်က စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်နဲ့ ကုန်တင်တွဲကားနှစ်စီးကို PDF အယောင်ဆောင်ပြီး ဓားပြတိုက်လို့ ပိုက်ဆံ ၁၀ သိန်း ပါသွားကြောင်း သိရပါတယ်။ ဒီ ၂၀၂၄ ခုနှစ် မေလနဲ့ ဇွန်လမှာလည်း စစ်ကိုင်း-ကချင်အစပ်က မော်ဟန်ရွာမှာ ခရီးသွားကားဆရာတွေ ဓားပြတိုက်မှု သုံးကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာတင် မဟုတ်ပဲ ကောလင်း၊ ကန့်ဘလူနယ်တွေမှာလည်း ခရီးသွားကားတွေဟာ ဓားပြတိုက်မှုတွေ ဆက်တိုက်ကြုံတွေရတယ်လို့ ကားဆရာတွေက ပြောကြပါတယ်။
လက်ရှိမှာပင် မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမပေါ်က မြို့တွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နဲ့ ထီးချိုင့်မြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ခရီးသွားကားတွေ ရာနဲ့ချီပိတ်မိနေပြီး ခရီးသည်တွေနဲ့ ကားဆရာတွေလည်း လမ်းစရိတ်ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။