ဓါတ်ဆီတစ်လီတာ တစ်သောင်းကျော်လာတာကြောင့် ကလေးမိဘတွေနဲ့ ဈေးသည်တွေ အခက်တွေ့လာ
–
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဓါတ်ဆီတစ်လီတာကို ကျပ် ၆၅၀၀ မှ ၁၂၀၀၀ အထိ မြင့်တက်လာတဲ့အတွက် အခက်အခဲတွေရှိလာတယ်လို့ ကလေးကျောင်းအကြိုအပို့ လုပ်နေတဲ့မိဘတစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီးပုံမှန်မလာတာကြောင့် ဘက်ထရီဆိုင်ကယ်တွေလည်း ပုံမှန်အသုံးပြုလို့ မရကြောင်း ပြောပါတယ်။
“ဟိုလက ဓါတ်ဆီတစ်လီတာ ၆၅၀၀ ပဲ။ အခု ၁၂၀၀၀ နှုန်းရှိလာပြီ။ ဒါတောင် တော်တော်ရှာမှ ရတာလေ။ ကလေးတွေကို ကျောင်းနေ့တိုင်း အကြိုအပို့လုပ်ရတယ်ဆိုတော့ ဆီရှာပြီးအချိန်ကုန်နေရတယ်။ အိမ်က ဘက်ထရီဆိုင်ကယ်တွေက မီးပုံမှန်မလာလို့ အားကိုးလို့ မရဘူး။”လို့ ကလေးမိဘက ပြောပါတယ်။
မနက်တိုင်း ဆိုင်ကယ်နဲ့ ကုန်းစိမ်းလိုက်ရောင်းတဲ့ ဈေးသည်တွေအတွက်လည်း အခက်အခဲဖြစ်လာတယ်လို့ အသက် (၄၀) နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဆိုင်ကယ်ဆီ အရမ်းကုန်တယ်။ ဘာလို့ဆိုတော့ ညနေဈေးက ဟင်းသီးဟင်းရွက်၊ အသားငါးတွေ ဆိုင်ကယ်နဲ့ သွားဝယ်ရတယ်။ ပြီးတော့ ညဆို စည်းတယ်၊ ထုပ်တယ်။ ပြီးတော့ မနက်အစောကြီး ပြန်လိုက်ပတ်ရောင်း ရတယ်လေ။ အခုလို တစ်လီတာ ၁၂၀၀၀ (ကျပ်) ရှိလာတော့ ဆိုင်ကယ်ဆီ ဈေးတောင်မရောင်းရဲတော့ဘူး။ တစ်ချို့က ကျွန်မတို့ ဈေးနည်းနည်းတက်တာနဲ့ မဝယ်စားကြတော့လေ။”လို့ သူမက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ကချင်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်တကြောရှိ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရပြီးနောက် တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တာကြောင့် ဓါတ်ဆီဈေးတက်လာတာဖြစ်ကြောင်း သိရပါတယ်။