မီးလောင်နေသော နေ့ရက်များ
–
“အေး … အဖွားခံစားနေရတဲ့အရာတွေကိုတောင် ပြောမပြနိုင်တော့ဘူး။ ဒီခန္ဓာကိုယ်ကို ကြည့်ရင်တောင် မြင်သာနေပါပြီ။ ဒီအကြောင်းတွေပြောရင် ငိုချင်လာတယ်။ အခုတော့ ဒီလိုအိမ်ပြန်လုပ်ယူဖို့ မတတ်နိုင်တော့ဘူး။ ခံစားချက်တွေကို ဖော်ပြလို့တောင် မဖော်ပြတတ်တော့ဘူး။ ဒီခံစားချက်တွေကို အရမ်းကိုတောင့်ခံသည်းခံပြီး နေနေတာ။ အခုအဘွားက သားယောကျာ်းလေးလည်း မရှိတာကြောင့် ပိုပြီးတော့ စိတ်ဆင်းရဲတယ်။ ပိုပြီးတော့ စိတ်အားငယ်နေရတယ်။”
မိုးမောက်မြို့နယ်ထဲက ဒိန်ဂါကျေးရွာဟာ မြစ်ကြီးနား – ဗန်းမော် ကားလမ်းမပေါ်က ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ ၂၀၁၁ ကချင်တကျော့ပြန်စစ် မဖြစ်ခင်အထိ အိမ်ခြေ ၁၀၀ နီးပါး ၉၇ အိမ်အထိ နေထိုင်ခဲ့တဲ့ ကျေးရွာဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ နေ့ မနက်မှာတော့ ကျေးရွာအတွင်း ယာယီစခန်းချနေတဲ့ စစ်ကောင်စီတပ်မ (၈၈) စစ်ကြောင်းတွေဟာ ရွာကနေ မထွက်ခွာမီ အိမ်ခြေ (၁၂) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နေအိမ်ပိုင်ရှင် ကျေးရွာပြည်သူတွေက ပြောပါတယ်။ အခုတော့ ဒီရွာဟာ ကချင်ပြည်နယ်ရဲ့ လွတ်မြောက်နယ်မြေထဲ ပါဝင်နေပါပြီ။
ဘယ်လိုကြောင့် အဖွားရဲ့နေအိမ် မီးလောင်သွားတာလဲ။
“ဒရုန်းနဲ့ ပစ်ခံရတာကို စိတ်ဆိုးပြီး သူတို့ကိုယ်တိုင် မီးလိုက်ရှို့တာ။ စစ်ကောင်စီတပ်တွေရှို့တာ တပ်မ (၈၈) တွေရှို့တာ။”
အခုမီးရှို့ခံလိုက်ရတဲ့ အိမ်က ဘယ်လိုအိမ်မျိုးလဲ။
“ဒီဖက်က နှစ်ခန်းပတ်လည် ဒီဖက်ခြမ်းက မီးဖိုချောင် ဟုတ်တယ်၊ ပျဉ်ထောင်အိမ် ဟုတ်တယ်။ တစ်ထပ်ပျဉ်ထောင်အိမ် နှစ်ထပ်တော့ မဟုတ်ဘူး။”
ဒီစစ်ကောင်စီတပ်က မီးရှို့သွားလို့ နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရတဲ့ အိမ်ပိုင်ရှင်တစ်ဦးနဲ့ မေးမြန်းပြီးတဲ့နောက်မှာ အဲ့ဒီဖြစ်စဉ်တုန်းက အလားတူပုံစံလိုမျိုး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ နေအိမ်ဆုံးရှုံးသွားတဲ့ နောက်ထပ်အိမ်ပိုင်ရှင်တစ်ဦးနဲ့ ဆက်ပြီးမှ မေးမြန်းသွားမှာဖြစ်ပါတယ်။
“ဒီအိမ်က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဒီလိုမီးရှို့ခံလိုက်ရတာ ဟုတ်တယ်။ ဗုံးတွေကျလို့ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီတပ်တွေ) ကိုယ်တိုင် မီးရှို့လိုက်တာ ဟုတ်တယ်။ အဖွားတို့ ဒီမှာနေခဲ့တာက ဒီအိမ်ဆောက်ပြီးနောက် ၃ နှစ် မပြည့်တပြည့်အချိန်မှာ ထွက်ပြေးခဲ့ရတယ်။ အိမ်ကို ၂၀၀၇ ခုနှစ်မှာ ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ပြေးရတယ်။ ၂၀၁၉ ခုနှစ်မှာ ရွာပြန်လာတာတောင် မကြာသေးဘူး၊ အခုဒီလို မီးရှို့ခံလိုက်ရတယ်။ ဒီအိမ်မှာ နေရတာတောင်ဘာမှ မကြာသေးဘူး။”
ဒီဒိန်ဂါကျေးရွာဟာ ၁၉၅၈ ခုနှစ် ဝန်းကျင်မှာ တရုတ်ပြည်ကနေ ပြည်ပြေးလာတဲ့သူတွေနဲ့ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ တောင်ပေါ်ရွာများမှ ကချင်ပြည်သူတွေ ပြောင်းရွှေ့နေထိုင်ရင်း လူနေအိမ်ခြေ တစ်ဖြည်းဖြည်းများလာကာ ကျေးရွာဖြစ်လာတဲ့ရွာလို့ ဒေသခံတွေက ပြောပါတယ်။
၁၉၉၄ ခုနှစ် KIO/KIA နဲ့ စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး မလုပ်ခင်ကလတွေမှာလည်း ဒိန်ကာကျေးရွာ ပြည်သူတွေဟာ အနည်းဆုံး နှစ်ကြိမ်လောက် တစ်ရွာလုံးစစ်ရှောင်ခဲ့ရပြီး ကချင်တကျော့ပြန်စစ် နောက်ပိုင်းလည်း ၂ ကြိမ်ထက်မနည်း ကျေးရွာကနေ တိမ်းရှောင်ခဲ့ကြရတယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်မှာ KIA နဲ့ စစ်တပ်ကြား စစ်ရှိန်လျှော့ချလာပြီး ၂၀၁၉ ခုနှစ်မှာ စစ်တပ်အပါအဝင် KIO နဲ့ အစိုးရကြား ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ဆွေးနွေးညှိနှိုင်းပြီး နေရပ်ပြန်ဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့် လိုင်ဇာမြို့အနီး နယ်စပ်ဒေသက ဖုံလွမ်ယန်၊ ဂျေယန့် စတဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒိန်ဂါကျေးရွာ ပြည်သူတွေဟာ နေရပ်ပြန်လာဖို့ အစပြုလာချိန်မှာပဲ ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ထပ်မံစစ်ရှောင်လာရလို့ အခုလို နေအိမ်မီးရှို့ခံရတာ ဖြစ်တယ်ကြောင်း မီးရှို့ ဖျက်ဆီးခံရတဲ့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။
အခုလို မီးရှို့ခံခဲ့ရတဲ့ နေအိမ်တွေထဲမှာ နေရပ်ပြန်ရေး စီမံကိန်းအရ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGOs) တွေ ဆောက်လုပ်ပေးခဲ့တဲ့ နေအိမ်တွေလည်း ပါဝင်သွားခဲ့တယ်လို့ ပြောကြပါတယ်။
“အေ အဲ့အချိန်က စစ်ကြောင်းတွေ တက်လာတယ်ဆိုတာတော့ ကျွန်တော်တို့လည်း သတင်းကြားတယ်။ အဲ့ခါကျတော့ ရွာမှာနေလို့ မဖြစ်ဘူးဆိုပြီး၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ဒေါ့ဖုန်းယန်မှာပဲ ပုန်းအောင်းပြီး နေထားရတယ်။ ကွက်တိပဲ အဲ့စစ်ကြောင်းလည်း ရောက်လာရော သူတို့ကလည်း ဒီရွာထဲမှာပဲ သူတို့ပုန်းအောင်းပြီးတော့၊ စခန်းချတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ သူတို့လည်း ဒီမှာရန်သူလာမလား ဆိုပြီးတော့မှ ကင်းပုန်းစောင့်တဲ့အနေနဲ့ နေထားဖြစ်တာ ထင်တယ်။ အဲ့လိုမျိုး ဒီမှာကင်းပုန်းစောင့်ရင်းနဲ့ နည်းနည်း ကြိုကြားကြိုကြားပစ်တာနဲ့ သူတို့ (စစ်ကောင်စီတပ်) တစ်ခါတည်း ရှို့ပစ်လိုက်တာ။”
ဒီရွာက အိမ်တွေအကုန်လုံးက တစ်ရက်တည်းမှာပဲ အရှို့ခံရတာလား။
“ဟုတ်တယ် တစ်ရက်တည်းပဲ အခု NGO တွေ လုပ်ထားပေးတဲ့ ဂရုဏာဖောင်ဒေးရှင်းကနေ လုပ်ထားပေးတဲ့ အိမ်တွေရော နဂိုကလုပ်ထားတဲ့ အိမ်တွေရော ရောရိရောရာ တစ်ခါတည်း တစ်ရက်တည်းပဲ ရှို့ပေးလိုက်တာ။ အရင်က ဟို ၂၀၁၁ အဲ့တုန်းကလည်း တစ်ခေါက် နိုင်ငံရေး ရှုပ်ထွေးလာတဲ့အချိန် ကျွန်တော်တို့ရွာမှာပဲ မီးရှို့ခံရတာ အဲ့အချိန်က ကျွန်တော်တို့ အိမ်တော့မပါဘူး။ အဲ့ပထမအသုတ်မှာတော့ ဟိုဖက်အိမ်နှစ်လုံး သုံးလုံးလောက် ပါသွားတယ်။ ဒီဒုတိယအကြိမ်ကျမှပဲ အခုကျွန်တော်တို့အိမ်လည်း ပါသွားတာဖြစ်ပါတယ်။”
(နေအိမ်မီးရှို့ခံရတဲ့ အိမ်ရှင်များ)
ဘယ်သူတွေက အဓိက ထိန်းချုပ်ခဲ့တဲ့ ရွာလဲ။
“အင်း ပြောရမယ်ဆိုရင် မြန်မာအစိုးရက အဓိက ထိန်းချုပ်တဲ့ရွာဖြစ်တယ်လို့ ပြောလို့ရတယ်။ စစ်တပ်ကို ထင်းတွေထမ်းပို့ပေးရတယ်။ ရွာကင်းစောင့်ရတဲ့ တာဝန်ဆိုပြီးတော့ အဲ့လိုတွေရှိခဲ့တယ်။ အဲ့လိုဆိုတော့ ကျွန်မတို့ ဒီဘက် (KIA) တွေက လျှို့ဝှက်သွားရတာမျိုး အဲ့လိုပဲရှိခဲ့တာမျိုးပေါ့။”
ဒီရွာ ဘယ်လို စဖြစ်လာတာလဲ။
“အရင် နံပါတ်တစ်က ၁၉၅၈ ခုနှစ်မှာ တရုတ်ပြည်ကနေ ပြေးလာတဲ့ သူတွေများတယ်။ အဲ့လိုလူမျိုးတွေ များတယ်။ ချောင်းရဲ့ တစ်ဖက်ခြမ်းက ပရန်ရွာဆိုတာရှိတယ်။ အဲ့ဖက်ရော အခုကျွန်မတို့ ယောက်မတွေရဲ့ လယ်တောဖြစ်သွားတဲ့ အခြမ်းရော၊ ဒီဖက်ခြမ်းမှာရော နေတယ်။ ပြောရမယ်ဆိုရင် ကျွန်မတို့အဖေက ၁၉၅၈ ခုနှစ်မှာ တရုတ်ပြည်မှာ နေလို့မရတော့လို့ ဒီဖက်ကို ပြေးလာတာ။ ပြေးလာခဲ့ပြီးတော့ ဟိုဖက်က (Nawng Hkyu, Kai Du Pa) လို့ခေါ်တဲ့ မုန်လဲချောင်းဘေးနားမှာ သွားနေခဲ့ပြီးတော့ အဖေက အမေကို လက်ထက်ယူပြီး ကျွန်မကို အဲ့မှာပဲ ၁၉၆၁ ဩဂုတ်လ ၁၅ ရက်နေ့မှာ မွေးခဲ့တယ်။ ပြီးနောက် ကျွန်မအသက် ၂ နှစ်ကျော်လောက်အရွယ်မှာ ဒီဒိန်ဂါရွာကို ပြောင်းလာခဲ့တယ်။ ကျွန်မအဖွားဆုံးသွားပြီးနောက် ပြောင်းလာခဲ့တာ။ အဲ့ပြီးနောက် ထပ်ရောက်လာတဲ့သူတွေက ဟိုးဖက် တောင်ပေါ်ကသူတွေ၊ တောင်ပေါ်ဒေသ မကျန်ရွာတို့ ဘာတို့ဖက်ကတွေ စုစည်းလာပြီးတော့ ဒီပတ်ဝန်းကျင် ဒေသအသီးသီးက ရောက်ရှိလာကြတာ ဟုတ်တယ်။”
တစ်ရွာလုံးကျွတ် စစ်ရှောင်ရတာ ဘယ်နှစ်ကြိမ် ရှိခဲ့ပြီလဲ။
“စစ်ဘေးရှောင်တာက ၁၉၆၀ ကျော်မှာ တစ်ခါရှောင်ခဲ့ပြီ၊ ၁၉၈၈ မှာ တစ်ကြိမ်ရှောင်ခဲ့တယ်၊ ၂၀၁၁ မှာ တစ်ခါရှောင်တယ်။ ပြီးတော့ ဒီ (၂၀၂၃) နှစ်မှာ ထပ်ပြီးတော့ ရှောင်ရပါတယ်။ တစ်ရွာလုံးကျွတ် ရွာပျက်သွားအောင် စစ်ရှောင်ခဲ့ရတာ ၄ ကြိမ်ရှိပြီ။”
“အဖွားတို့က ဒီမှာလာနေတာက မကြာသေးဘူး၊ အရင်က လူတွေလောက်တော့ မပြေးရဘူးပေါ့နော်။ အဖွားတို့က ၂၀၁၁ ခုနှစ်မှာ စစ်ရှောင်တယ်။ အခု ၂၀၂၃ ခုနှစ်မှာ အရေးပေါ် စစ်ဘေးရှောင်ရတာပေါ့နော်။ အရင် ၂၀၂၂ ခုနှစ်တုန်းကတော့ နည်းနည်းတော့ ထွက်ပြေးခဲ့ရတယ်။ ဒါပေမဲ့ အဲ့တုန်းကတော့ ဒေါ့ဖုန်းယန်မှာပဲ ခေတ္တခဏသွားနေခဲ့တယ်။ သုံးကြိမ်လောက်တော့ ထွက်ပြေးခဲ့ရတယ်။ ဒါပေမဲ့ အဲ့တုန်းကတော့ အိမ်တွေ မီးရှို့တာ မခံခဲ့ရဘူး။ နဂိုရွာခံတွေက ၂ ကြိမ် ၃ ကြိမ်လောက် စစ်ဘေးရှောင်ခဲ့ဖူးပြီ။ အဖွားတို့က တောင်ပေါ်က ဆင်းလာကြတာ၊ တောင်ပေါ်မှာလည်း အခုလိုပြေးရတာဆိုတော့ (စစ်ရေး နိုင်ငံရေး) မရှုပ်တော့ဘူး၊ စစ်ရှောင်စရာ မလိုတော့ဘူး၊ မြေပြန့်မှာ ငြိမ်းချမ်းပြီဆိုလို့ အဖွားတို့က စစ်ဘေးရှောင်ရင်း ဗန်းမော်မှာလည်း ယာယီသွားနေခဲ့ပြီးနောက် ဒီဒိန်ဂါရွာမှာ ရောက်လာခဲ့ကြတာ။”
အိမ်မီးရှို့ခံရတဲ့အပေါ် ဘာဆက်ပြောချင်လဲ။
“ပြောမယ်ဆိုရင်က ပြောလို့တောင် မကုန်ပါဘူး။ ခံစားချက်က အပြည့်အဝပေါ့နော်။ တစ်ကယ်နှလုံးတောင် တုန်သွားလောက်တဲ့အထိ စိတ်ထဲမှာ မကောင်းဘူးပေါ့ကွာ။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်သွားတယ်ဆိုတော့ နည်းနည်းတော့ စိတ်ထဲမှာ တစ်မျိုးတော့ မခံချင်စိတ်တော့ အပြင်းအထန်တော့ ရှိတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြစ်နေတဲ့အချိန် တိုင်းပြည်လည်း အခုက တစ်နိုင်ငံလုံး စစ်မှန်တဲ့ ဖက်ဒရယ် တပ်မတော် ပြည်ထောင်စု ဖြစ်ပေါ်လာအောင် တိုက်နေခိုက်နေတဲ့ အချိန်မှာနော်၊ တစ်နိုင်ငံလုံးမှာလည်း နစ်နာခံရတယ်ဆိုတော့ ကျွန်တော်လည်း ကျေနပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခံနိုင်ရည်ရှိရှိနဲ့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ စိတ်ဓာတ်ကို ဘယ်လိုပြောရမလဲ မနည်းထိန်းပြီးမှနော် စိတ်တော့ မကောင်းဘူး။ ဒါပေမဲ့ ခံစားချက်အပြည့်နဲ့ ခံစားရပါတယ်လို့။”