ကိုမြင့်မြတ်ဦးကို ဘယ်သူတွေ လုပ်ကြံခဲ့ကြသလဲ
.
–
“ညတိုင်း ပုံမှန် အင်တာနက်သုံးဖို့ သုသာန်ကို သွားလေ့ရှိတယ်။ ည ၉ နာရီ ဆိုရင်တော့ အိမ်ကိုပြန်လာလေ့ရှိတယ်။”ဟု ကိုမြင့်မြတ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။
၂၀၂၄ ဇူလိုင် ၈ ရက်နေ့တွင် ကိုမြင့်မြတ်ဦးတစ်ယောက် ပုံမှန်အတိုင်း အင်တာနက်သုံးရန် ၄င်းနေထိုင်ရာ စိုင်နိုင်ကြီးကျေးရွာမှ ရွာပြင်သုဿန်သို့ ဆိုင်ကယ်ဖြင့် သွားရောက်ခဲ့သည်။
ထို့နောက် ည ၉ နာရီအချိန်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အင်တာနက် လိုင်းသုံးရန်ဟုဆိုကာ ထပ်မံထွက်သွားခဲ့သည်။
“ည ၁၁ နာရီလောက်ထိ ပြန်မလာလို့ ဖုန်းဆက်ကြည့်တော့လဲ ဆက်မရခဲ့ဘူး။”ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
ထို့ကြောင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ရာ နံနက် ၁ နာရီခွဲခန့်အချိန်တွင် ကိုမြင့်မြတ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်။
- ရုပ်အလောင်းကို ဘယ်လိုပုံစံနဲ့တွေ့ခဲ့ရသလဲ
“မိဘတွေက စိတ်ပူပြီး လိုက်ရှာတော့ နံနက် ၁ နာရီခွဲလောက် သုသာန်ရဲ့အနီးနားက လယ်ကွင်းထဲမှာ အလောင်းကို တွေ့တယ်။”ဟု မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။
အလောင်းကို စတင်တွေ့ရှိချိန်တွင် ဆိုင်ကယ်သော့ကို လက်တစ်ဖက်တွင် ချိတ်လျက်တွေ့ရှိရပြီး ကျန်လက်တစ်ဖက်တွင် ရေသန့်ဘူးကို ပိုက်ထားသည်ဟု ဆိုသည်။
“သူက ပုံမှန်အားဖြင့် ဆိုင်ကယ်သော့ကို လည်ပင်းမှာပဲ ဆွဲတတ်ပေမယ့် အလောင်းကိုတွေ့တဲ့အချိန်မှာ ဆိုင်ကယ်သော့ဟာ လက်မှာ ချိတ်လျက်တွေ့ရတယ်။ လက်တစ်ဖက်က ရေသန့်ဘူးကို ပိုက်ထားတယ်။”ဟု မျက်မြင်တွေ့ရှိခဲ့ရသူက ဆိုသည်။
ထို့ပြင် ကိုမြင့်မြတ်ဦး၏ ဦးခေါင်အထက်ပိုင်း နဖူးပြင်ကို ပင့်ရိုက်ထားသည်ဟု ယူဆရသည့် ဒဏ်ရာတစ်ခု၊ လက်မောင်းတွင် ပြတ်ရှဒဏ်ရာ နှစ်ချက်နှင့် လည်ပင်းတွင် ပြတ်ရှဓားဒဏ်ရာတို့ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“ဦးခေါင်း နဖူး ကို ပင့်ပြီး ရိုက်ခံထားရသလိုရှိတဲ့ ဒဏ်ရာတစ်ခုရယ်၊ လက်မောင်းမှာ ဓားဒဏ်ရာနှစ်ချက်ရယ်၊ လည်ပင်းကို ဓားနဲ့ထိုးပြီး ဆွဲဖြဲထားတဲ့ ဒဏ်ရာနဲ့ ပျက်လုနီးပါးရှိတယ်။”ဟု မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပြသည်။
ကိုမြင့်မြတ်ဦး ကိုင်ဆောင်သုံးစွဲနေသည့် လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးနေပြီး ၄င်းစီးနင်းခဲ့သည့် ဆိုင်ကယ် အနောက်ပိုင်းတွင် သွေးကွက်များနှင့် လက်ရာတစ်ခု ကျန်ရှိခဲ့သည်။
“ဆိုင်ကယ်နဲ့ နောက်ပိုင်းမှာ သွေးတွေနဲ့ လက်ရာတစ်ခုရှိတယ်။ ဖုန်းကတော့ အခုထိပျောက်နေဆဲပေါ့။ ကြည့်ရသလောက် ဖုန်းကိုယူပြီး ဆိုင်ကယ်ကိုပါယူမလို့ ကြံစည်သေးတဲ့သဘောလို့ ယူဆရတယ်။ ပြီးမှ ဆိုင်ကယ်ကို ပြန်ထားခဲ့တာဖြစ်ဖို့ များတယ်။”ဟု မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက မှတ်ချက်ပြုသည်။
- ကိုမြင့်မြတ်ဦးက ဘယ်သူလဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် (Grade11) ဆယ်တန်းကျောင်းသားတစ်ဦး ဖြစ်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားတစ်ဦးဖြစ်ပြီး ဗကသများအဖွဲ့ချုပ် လုပ်ငန်းစဥ်များကို လုပ်ဆောင်နေသူဖြစ်သည်ဟု ၄င်း၏ လုပ်ဖော်ကိုင်ဖက်များက ဆိုကြသည်။
အာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်ထံသို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်လာခဲ့ပြီးနောက် ၄င်းနေထိုင်ရာ စိုင်နိုင်ကြီးကျေးရွာတွင် ဗကသ မူဝါဒများအတိုင်း လုပ်ငန်းစဥ်များ လုပ်ဆောင်ခဲ့သူဟု သိရသည်။
“သူကအနေအေးတယ်။ စကားသိပ်မပြောဘူး။ လူငယ်သဘာဝ ဆေးလိပ်၊ ကွမ်း အဲ့ဒါတွေလည်း မလုပ်ဘူး။ ရန်ဖြစ်တာမျိုးလည်း မရှိဘူး။ သူတို့ သမဂ္ဂကလုပ်ငန်းတွေပဲ လုပ်ကြတာမျိုးပဲ ရှိတယ်။ အသတ်ခံရလောက်တဲ့အထိတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကြီးကြီးမားမား ပြဿနာမရှိဘူး။”ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
- ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလဲ
၂၀၂၄ ဇန်နဝါရီ ၄ ရက်နေ့တွင် စိုင်နိုင်ကြီးကျေးရွာ၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ဟောပြောသည့် လှုပ်ရှားမှုကို ကိုမြင့်မြတ်ဦး ဦးဆောင်ပြုလုပ်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို စိုင်နိုင်ကြီးကျေးရွာ ပကဖ၊ ပအဖ မှ အသံမိုင်းခွဲကာ သေနတ်များဖြင့် ဝိုင်းခဲ့သည့် ဖြစ်စဥ်များ ရှိခဲ့သည်ဟု ကိုမြင့်မြတ်ဦး၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များက ပြောသည်။
“လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲတုန်းကတော့ စိုင်နိုင်ကြီး ပကဖ၊ ပအဖ တွေက အသံမိုင်းနဲ့ပစ်ပြီး သေနတ်တွေနဲ့ အဝိုင်းခံခဲ့ရတာတော့ရှိတယ်။”ဟု ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ကိုမြင့်မြတ်ဦးတစ်ယောက် စိုင်နိုင်ကြီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းထွက်ခဲ့ရသည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။
“အဲ့လွတ်လပ်ရေးနေ့ ဆန္ဒပြပွဲ ပြဿနာဖြစ်ပြီးတော့ သူကျောင်းထွက်ခဲ့တာတော့ရှိတယ်။”ဟု ပြောသည်။
- ဝက်လက်နယ် လုံခြုံရေးနှင့် အငြင်းပွားဖွယ်ရာ ပြဿနာများ
စိုင်နိုင်ကြီးကျေးရွာသည် စစ်ကိုင်း – ရွှေဘို ကားလမ်းအနီးတွင်တည်ရှိပြီး ရွာအနီးနားတွင် စစ်ကောင်စီတပ်စခန်း တစ်ခုရှိသော်လည်း စစ်သားများက ပြင်ပသို့ ထွက်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။
အဆိုပါရွာကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ (ပလဖ) က စိုးမိုးထိန်းချုပ်ထားသည့်အပြင် လုံခြုံရေးတင်းကြပ်ထားသည့် ကျေးရွာလည်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ရွာကတော့ လုံခြုံရေးအရမ်း တင်းကြပ်ထားတယ်။ ညဘက်မပြောနဲ့ နေ့ခင်းဘက်တောင် စစ်ဆေးတာတွေရှိတယ်။ အခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေလည်း မရှိကြဘူးလေ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့တွင် ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသားတစ်ဦးကို ရပ်ကျေး ပကဖ မှ နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့သည်ဟု ဆိုသည်။
“ဖမ်းဆီးခံခဲ့ရတာ ဟုတ်ပါတယ်ဗျ၊ ဇွန် ၁၇ နေ့လောက်ကပါ။ အဲ့ဒီမှာ ဝက်လက်မြို့နယ်အတွင်းက ရွာတရွာမှာပါပဲ။ ရဲဘော်က ဓါတ်ပုံရိုက်တဲ့ ဒရုန်းအသေးစားလေးပြင်ရင်း စမ်းမောင်းတာကို ရပ်ကျေး ပကဖ တစ်ယောက်က တိုက်ခိုက်ရေးဒရုန်းလို့ ထင်ပုံရပြီးတော့ ဒီလိုလုပ်တာမျိုးဆိုရင် ရပ်ကျေး ပကဖကို အသိပေးရမယ်တို့ ဘာတို့လာပြောသေးတယ်ပေါ့လေ။ ဒါပေမယ့် ညပိုင်းမှာတော့ လက်နက်အပြည့်အစုံနဲ့ ဖမ်းခေါ် သွားခဲ့တာပါ။ နောက်ပြီး စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ခဲ့တာမျိုးတော့ရှိခဲ့ပါတယ်။”ဟု ဗကသများအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဗကသ ကျောင်းသား ကိုမြင့်မြတ်ဦး လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်များအား Signal မှတဆင့် ဇူလိုင် ၁၀ ရက်နေ့တွင် ဆက်သွယ်ထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးဟု ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် “မောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။”ဟု ဖော်ပြထားသည်။
ကိုမြင့်မြတ်ဦး လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအသီးသီးက ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။
ထို့ပြင် NUG အစိုးရအနေဖြင့် အမှုမှန်ပေါ်ပေါက်အောင်နှင့် ကျူးလွန်သူကို ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည်။