ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ တရုတ်ပိုင် နီကယ်စက်ရုံမှာ ပြည်သူတွေ ဆန္ဒပြ
–
ပြည်သူတွေကို သတ်နေတဲ့ စစ်ကောင်စီအား ထောက်ပံ့မှုကို ချက်ချင်းရပ်ဖို့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ တရုတ်ပိုင် နီကယ်စက်ရုံမှာ ပြည်သူတွေက ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။
“အဓိကကတော့ တရုတ်အစိုးရက သံတမန်အရရော စစ်ရေးအရပါ အာဏာသိမ်းစစ်တပ်ကို ပေါ်ပေါ်တင်တင် ကူညီနေတာပေါ့။ တရုတ်အစိုးရအနေနဲ့ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို သတ်နေတာတွေ ချက်ချင်းရပ်ဖို့နဲ့ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့တာတွေ မလုပ်ဖို့ အဓိက ဆန္ဒပြခဲ့ကြတာပါ။”လို့ Tigyaing Revolution-TR အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဆန္ဒပြပွဲမှာ မောင်းကုန်းကျေးရွာပြည်သူ (၁၅၀) လောက်က တရုတ်အစိုးရပိုင်တဲ့ CINCO နီကယ် သတ္ထုစက်ရုံရှေ့မှာ မနက် ၉ နာရီကနေ ၁၀ နာရီအထိ တစ်နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်က မောင်းကုန်းရွာကို လေကြောင်းနဲ့ ပစ်ခတ်လို့ ပြည်သူ (၉) ဦးသေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရပါတယ်။
နီကယ်စက်ရုံရှိတဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာဒေသဟာ NUG အစိုးရထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပြီး၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် နီကယ် သတ္ထုစက်ရုံ ရပ်နားထားရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။