NUG နဲ့ ABSDF နားလည်မှု စာချွှန်လွှာချုပ်ဆို
–
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နာလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြတယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ NUG က ထုတ်ပြန်ခဲ့ပါတယ်။
အပြန်အလှန်နားလည်မှု၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်းနှစ်ခုကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့ အနာဂတ် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများ အတူတကွ လက်တွဲတိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အဆိုပါ နားလည်မှုစာချွန်လွှာကို ချုပ်ဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကြားမှာ နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စာချွန်လွှာချုပ်ဆိုပွဲမှာ ပြောဆိုထားကြပါတယ်။
နားလည်မှုစာချွန်လွှာ ချုပ်ဆိုတဲ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရဘက်မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် အပါအဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကလည်း ဥက္ကဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး – ၁ ရဲဘော်ကျော်လင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှုး – ၂ ရဲဘော် ရဲထွတ် (ခ) လှဌေး ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ နယ်မြေအသီးသီးမှ တာဝန်ခံခေါင်းဆောင်များ တက်ရောက်ခဲ့ကြတယ်လို့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။