ကသာမှာ မြစ်ရေကြီးလို့ အသုဘမြေချဖို့တောင် ခက်ခဲလို့ ရေထဲမျှောချ ရတယ်လို့ ပြော
–
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေမှာ ရေဘေးကြုံတွေ့နေရပြီး အစားအသောက်များ ပြတ်လပ်နေသလို နာရေးဖြစ်ရင်တောင် အလောင်းကိုမြေမချရပဲ ရေထဲမျှောချရတဲ့အထိ ဖြစ်နေတယ်လို့ ရေဘေးကြုံနေရတဲ့ ဒေသခံတွေထံက သိရပါတယ်။
ကသာမြို့နယ်ထဲက ရေဘေးကြုံနေရတဲ့ ကျေးရွာတွေကတော့ ကသာမြို့ရဲ့အောက်ဘက်က ကျေးရွာတွေဖြစ်တဲ့ တဖန်းကိုင်း၊ တုံးပေါ၊ ရေဘုတ်၊ ဝဲကြီး၊ ပန်းသေး၊ သံပုရာ၊ ညောင်ခြေတောက်၊ သုံးဆယ်ပေး၊ ကျော်ပင်၊ ကျောက်ပုံ စတဲ့ ကျေးရွာဆယ်ရွာအပြင် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ကျေးရွာတွေနဲ့ မြစ်ရိုးတစ်လျှောက်လုံးက ကျေးရွာတွေ ရေနစ်မြုပ်နေတဲ့အတွက် အစားအသောက် ပြတ်လပ်နေပြီး အခက်ကြုံနေရကြတယ်လို့ အောက်ဝဲကြီးကျေးရွာတွေက ပြည်သူတစ်ဦးက ပြောပါတယ်။
“ရေနားတန်းကရွာတွေ အကုန်မြုပ်တာပါ့အေ့။ ကျွန်မတို့အိမ်ရှေ့ထွက်ရင်ကတော့ ခါးလောက်ပဲ၊ ကျန်တဲ့နေရာတွေဆိုရင် အိမ်တွေရောပါ အကုန်မြုပ်တာ။ ဈေးသည်တွေကလည်း မလာနိုင်တော့ စားစရာသောက်စရာတွေပါ ပြတ်နေတာ။ ကျွန်မတို့ဆို ငပိထောင်းနဲ့ပဲ စားနေရတာ တပတ်ကျော်ပြီ။ အကုန်ခက်ခဲနေကြတာပါ့အေ့။”လို့ ပြောပါတယ်။
ဒါ့အပြင် ရေဘုတ်ကျေးရွာမှာဆိုရင် လူသေတာကို မြုပ်စရာမြေမရှိတဲ့အတွက် ရေထဲကိုပဲ မျှောလိုက်ရကြောင်းနဲ့ ဧရာဝတီမြစ်ထဲမှာဆိုရင်လည်း အိမ်အလုံးလိုက် မျှောပါလာတာတွေ တွေ့ရတယ်လို့ ပြောပါတယ်။
လယ်စပါးစိုက်ခင်းတွေတော့ မစိုက်ကြရသေးတဲ့အတွက် ပျက်စီးမှု သိပ်မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
“အခုချိန်က ဘယ်သူမှ မစိုက်သေးဘူးလေ ပျိုးကြဲထားတာနဲ့ တစ်တန်ကြဲစိုက်ထားတဲ့ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါ။ ဟိုလိုကြီး တအားပျက်စီး ဆုံးရှုံးတာတော့ မရှိဘူး။”
ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်ထဲကို ဇူလိုင်လ ၃ ရက်နေ့ကနေ စတင်ဝင်ရောက်ခဲ့ပြီး ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့အထိ ရေသိပ်မကျသေးကြောင်း သိရပါတယ်။ မိုးဇလညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ ဒီနေ့ညနေ ၆ နာရီခွဲ တိုင်တာချက်ကို ထုတ်ပြန်ရာမှာတော့ ကသာမြို့ဟာ ဧရာတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် လက်မအနည်းငယ် ရှိနေသေးတာကို တွေ့ရပါတယ်။
ကသာမြို့ရဲ့ အထက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က မြို့တွေဖြစ်တဲ့ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ မြို့တွေမှာလည်း ရေကြီးရေလျှံမှု ဖြစ်နေတာ ဖြစ်ပါတယ်။