အင်းတော်ကြီး နန့်မွန်းမြို့အတွင်း တပ်စွဲထားတဲ့ ပြည်သူ့စစ်အဖွဲ့က လူငယ်တွေကို စုဆောင်းနေ
–
အင်းတော်ကြီးဒေသ နန့်မွန်းမြို့အတွင်း တပ်စွဲထားတဲ့ ပြည်သူ့စစ်အဖွဲ့က အရပ်သားလူငယ်တွေကို ဖမ်းဆီးနေပြီး စစ်သင်တန်းတွေ ပေးနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့ထဲက ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နဂိုကတည်းကရှိနေတဲ့ ဂိတ်စခန်းတွေမှာ ပြည်သူ့စစ်တပ်တွေ အထိုင်ချထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ နန့်မွန်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ဂိတ်ကို ကောင်လေးတွေ ၃၊ ၄ ယောက်လောက် မဖြတ်လိုက်နဲ့ ဆွဲခေါ်ထားပြီ။ ဆိုင်ကယ်၊ ဖုန်း အကုန်သိမ်း”လို့ ပြောပါတယ်။
အခုလို ဖမ်းဆီးမှုတွေကို ဇူလိုင်လ ပထမအပတ်လောက်ကစပြီး စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိချိန်ထိ လူငယ် ၅၀ ထက်မနည်း ဖမ်းခံထားရပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ပြည်သူ့စစ်သင်တန်းပေးနေပြီလို့ ကြားသိရကြောင်း ဒေသခံက ဆိုပါတယ်။
“နေ့တိုင်းလိုလိုဆွဲနေတာ။ သင်တန်းတွေတောင် ဆင်းခိုင်းနေပြီ”
ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ပြန်ရွေးထုတ်ခွင့်မရဘူးလို့လည်း သိရှိရပါတယ်။ နေ့တိုင်းလိုလို ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေလည်း စိုးရိမ်ထိတ်လန့်နေရပြီး အချို့ဒေသခံတွေကတော့ မြို့ကနေရှောင်တိမ်းနေကြပြီလို့ သိရပါတယ်။
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ ဝှေလုံ၊ ချောင်းဝနဲ့ ညောင်ပင်က စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လတတိယပတ်မှာ သိမ်းပိုက်ခဲ့ပြီးနောက် နန့်မွန်းမြို့ထဲ ရှမ်းနီပြည်သူ့စစ်တွေ အထိုင်ချလာတာ ဖြစ်ပါတယ်။