စစ်ကောင်စီ ရဲအရာရှိများ မောင်းနှင်လာသောကားတစ်စီး ပစ်ခတ်ခံရပြီး တစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်
8 February 2024 – Kachinwaves
ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့အရှေ့ဘက်ရှိ အင်းသာရွာနှင့် ဟဲပါးကျေးရွာကြားတွင် ယနေ့နံနက် ၆ နာရီခန့်၌ စစ်ကောင်စီရဲအရာရှိများ စီးနင်းလာသော AD Van ကားတစ်စီးအား KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တားဆီးစဉ် မရပ်ဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
”ဒီမနက် ၆ နာရီမထိုးခင်မှာပဲ PDF တွေက လမ်းမပေါ်မှာ အဲ့ကားကို တားတယ်။ တားတာကို မရပ်ပဲမောင်ပြေးတော့ ပစ်ခံရတယ်။ ကားကလမ်းဘေး ထိုးကျသွားပြီး ကားထဲက လူတွေထွက်ပြေးသွားတာပဲ။ ခဏနေကျ အစိုးရဆေးရုံမှာ သတင်းတွေထွက်လာတာ။ ပစ်ခံရတဲ့သူတွေက ရဲတွေတဲ့”ဟု ဖြစ်စဥ်နှင့်ပတ်သတ်၍ ဒေသခံတစ်ဦးက ပြောပြသည်။
အခင်းဖြစ်စဥ်အတွင်း၌ ဒုရဲအုပ်တစ်ယောက် ဒဏ်ရာပြင်းထန်၍ ဆေးရုံတွင်သေဆုံးသွားခဲ့ပြီး ယနေ့ချက်ချင်းသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
နောက်ထပ်ရဲအရာရှိတစ်ဦးမှာမူ ဒဏ်ရာပြင်းထန်ကာ လုံခြုံရေးအစောင့်များဖြင့် အရေးပေါ်ကုသနေရကြောင်းလည်း သိရပါသည်။