နမ့်ဖတ်ကာကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခဲ့တဲ့ ဖြစ်စဉ်တွေက ဘာကိုပြောပြနေသလဲ
- အပတ်စဉ် ကချင်ဒေသ သတင်းမြင်ကွင်း အစီအစဉ်။
- စီစဉ်တင်ဆက်သူ – Yu San
19 September 2023 – Kachinwaves
ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းနဲ့ စက်တင်ဘာ လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက် သေဆုံးတာတွေ ရှိခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ်ဆိုတာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ တအာန်းအမျိူးသားများ လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ နယ်မြေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က နမ့်ဖတ်ကာမှာ စခန်းချနေတဲ့ ခလရ (၁၂၁) စစ်ကောင်စီတပ်စခန်းကနေ ကျေးရွာဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ လက်နက်ကြီးကျည်တွေဟာ နမ့်ဖတ်ကာ ကျေးရွာအတွင်းက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သလို အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဆိုပါနေ့ မတိုင်ခင်ရှေ့တစ်ရက်ကလည်း နမ့်ဖတ်ကာရွာနဲ့ ၃၇ မိုင် အကွာအဝေးမှာရှိတဲ့ မူဆယ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အဲဒီ ဩဂုတ်လ ၂၉ ရက်နေ့မှာပဲ TNLA တပ်ဖွဲ့ဝင်တွေဟာ နမ့်ဖတ်ကာကျေးရွာအတွင်း ဝင်ရောက်လာပြီး ဈေးထဲမှာ ခေတ္တစခန်းချခဲ့တယ်လို့ ဒေသခံတွေရဲ့ အဆိုအရ သိရပါတယ်။
ဒီအဖြစ်အပျက်နဲ့ တိုက်ဆိုင်ပြီး စစ်ကောင်စီတပ်က နောက်တစ်ရက် ဩဂုတ်လ ၃၀ ရက်နေ့မှာ နမ့်ဖတ်ကာ ရွာဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁ ရက်နေ့မှာတော့ နမ့်ဖတ်ကာကျေးရွာအုပ်စုထဲက ဇီးဒဘန်ကျေးရွာအတွင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဇင်ထုန်းလဒွဲနဲ့ ဦးဘောက်လာဆိုသူ အရပ်သားပြည်သူ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပါတယ်။
ဒီဇီးဒဘန်ကျေးရွာဖြစ်စဉ်မှာ ပေါက်ကွဲတဲ့လက်နက်ကြီးဟာ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးဆိုတာ မသိရဘဲ စစ်ကောင်စီတပ်နဲ့ TNLA တို့ အပြန်အလှန် စွပ်စွဲငြင်းဆိုကြတဲ့ ဖြစ်စဉ် တွေလည်း ရှိခဲ့တယ်လို့ BBC ရဲ့ စက်တင်ဘာ ၂ ရက်နေ့က ဆောင်းပါးမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဇူလိုင် ၂၆ ရက်နေ့ကနေ စက်တင်ဘာ ၅ ရက်နေ့အတွင်း ထုတ်ပြန်ခဲ့တဲ့ “နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖောက်မှု ထုတ်ပြန်ချက်” မှတ်တမ်းတွေအရ နမ့်ဖတ်ကာကျေးရွာ နယ်မြေအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့ရတဲ့ အရပ်သား ခြောက်ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ဆယ်ဦးထက်မနည်း ရှိခဲ့ကြောင်း သိရှိရပါတယ်။
ဒီလိုမျိုးကျေးရွာအတွင်း လက်နက်ကြီး ကျရောက်တဲ့ဖြစ်စဉ်တွေဟာ အာဏာသိမ်းကာလ မတိုင်ခင် ကတည်းက ဒီဒေသတွေမှာ ဖြစ်ပွားခဲ့ဖူးတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇွန်လတုန်းကလည်း TNLA တပ်ဖွဲ့ ဟာ ကွတ်ခိုင်မြို့နယ်အတွင်းက မန်နိမ်အွန်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး အဲ့ဒီဖြစ်စဉ်တုန်းကလည်း ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးတယ်လို့ VOA ရဲ့ ၂၀၁၈ ဇွန် ၂၈ ရက်နေ့က ရေးသားခဲ့တဲ့ သတင်းမှာ တွေ့ရပါတယ်။
အာဏာမသိမ်းခင် ကာလကရော အာဏာသိမ်းပြီးကာလမှာရော စစ်တပ်က လူနေထိုင်တဲ့ ကျေးရွာတွေ ဘက်ကို ဦးတည်ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် တစ်ဖက် လက်နက်ကိုင်တပ်တွေက အရပ်သားပစ်မှတ်တွေနဲ့ ရောနှောနေထိုင်မှုတွေကို အခွင့်ကောင်းယူပြီး ပစ်ခတ် လေ့ရှိတာကို တွေ့ရပါတယ်။
နဂိုကတည်းက စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းဥပဒေတွေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို လိုက်နာလေးစားခြင်း မရှိတဲ့ စစ်တပ်အတွက်တော့ တစ်ဖက်ရန်သူတပ်တွေက အရပ်သားပစ်မှတ်တွေမှာ လှုပ်ရှားသွားလာမှုပြုလုပ်တာဟာ ရမယ်ရှာအကြောင်းပြပြီး ရမ်းသမ်းပစ်ခတ်ဖို့ အခွင့်ကောင်းတစ်ခုလို ဖြစ်နေတာကို တွေ့ရပါတယ်။
ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန်ကတော့ စစ်ကောင်စီတပ်ဟာ မြေပြင် တိုက်ပွဲတွေမှာ မနိုင်တဲ့အခါမှာ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပြည်သူလူထုကြားကို ရမ်းသမ်း ပစ်ခတ် လေ့ရှိပြီး ရှုံးမဲမဲတဲ့အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက တချို့ကျေးရွာနားတွေမှာ တပ်စခန်း ချတာကလည်း အကြောင်းပြချက်တစ်ခု ဖြစ်သွားတယ်လို့ ပြောပါတယ်။
“အဓိကတော့ စစ်တပ်ရဲ့ ရှုံးမဲမဲမှုပေါ့နော် အဲဒါအပြင် နောက်တစ်ခုကတော့ တိုင်းရင်းသား လက်နက်ကိုင် တစ်ချို့ကလည်း ဒီရွာနားမှာပေါ့နော်၊ ဒီလူနေရွာတွေမှာ တပ်စွဲတဲ့ဟာမျိုးတွေလည်း ရှိတယ်။ အဲဒါကလည်း ဒီစစ်တပ်ရဲ့ လက်နက်တွေ ရွာထဲကို ပစ်ဖို့ ပိုပြီးတော့ သူတို့လည်း အကြောင်းပြချက်တစ်ခုလို ဖြစ်သွား တယ်ပေါ့နော်။ ဒါကတော့ ကျမရဲ့ personal (ပုဂ္ဂိုလ်ရေး) အမြင်ပါ။ ဒီနှစ်ခုပါပဲ၊ ဒီလိုမျိုးပဲ ထင်ပါတယ်။”
အရပ်သားပြည်သူတွေနားမှာ တိုက်ပွဲမဖြစ်ပွားရလေအောင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ရှောင်ရှားရမယ်လို့လည်း ပြောပါတယ်။
“ပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ဒီလိုမျိုး အရပ်သား တွေနားမှာ တိုက်ပွဲဖန်တီးတာကို ရှောင်ရှားရမယ်လို့ ကျမထင်ပါတယ်ရှင့်။ စစ်ကောင်စီတပ်ကတော့ သူတို့ အစကတည်းက ရက်စက်ယုတ်မာနေတဲ့ လူတွေဆိုတော့ ဒါကတော့ သူတို့လုပ်တယ်ဆိုတာကတော့ ကျမ တို့ ဟိုဟာ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ မကောင်းတာကို ကျမတို့ သိပြီးသားလေနော်။ ကျမတို့ ဒီလက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်ရှင့်။”
နမ့်ဖတ်ကာကျေးရွာ ဖြစ်စဉ်နဲ့ အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ် က တိုက်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့က မိုးညှင်းမြို့ ထန်းတပင်ကျေးရွာအနီးဝန်းကျင်မှာ တော်လှန်ရေး တပ်တွေ လှုပ်ရှားသွားလာမှု ရှိခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှု မတိုင်ခင်ကတည်းက စစ်ကောင်စီတပ်က ထန်းတပင်ရွာနဲ့ကပ်နေတဲ့ မိုးညှင်းမြို့ အရှေ့တောင်ဘက်ကို မကြာခဏလက်နက်ကြီး ပစ်ခတ်လေ့ရှိပေမဲ့ တော်လှန်ရေးတပ်တွေ လှုပ်ရှားသွားလာမှု ဖြစ်ပြီးနောက်ပိုင်းမှာတော့ အရပ်သားတွေနေတဲ့ ကျေးရွာဘက် ကို ဦးတည်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်လာပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်စဉ်မှာဆိုရင် ထန်းတပင်ကျေးရွာက အရပ်သားအမျိုးသမီးတစ်ဦး လက်နက်ကြီးစထိမှန်ပြီး လက်မောင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အခုလိုမျိုး စစ်ကောင်စီရဲ့ အရပ်သားနဲ့ စစ်ရေးပစ်မှတ် ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးပစ်ခတ်မှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်နေတာဖြစ်တယ်လို့ Burma Civil War Museum ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုရဲဟိန်းအောင်က အခုလိုပဲဆိုပါတယ်။
“အရပ်သားတွေပေါ့နော် လက်နက်ကိုင် မဟုတ်တဲ့ unarm civilian လက်နက်မဲ့အရပ်သားတွေနဲ့ ပက်သက် ပြီဆိုရင် အထူးစည်းကမ်းလိုက်နာဖို့ လိုပါတယ်။ အကယ်၍ ဒါပစ်မှတ်မှာ အရပ်သားရောနှောမှု ရှိနေတယ် ပေါနော် ဒါကိုစစ်ရေးအရ တိုက်ခိုက်ဖို့ကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်ရေးအရ ရန်သူ ဘက်က သို့မဟုတ် တခြားလက်နက်ကိုင် တစ်ဖွဲ့ဖွဲ့ကလည်း ဒီအရပ်သားတွေကိုပေါ့နော် ဒီလို Human Shield လို့ခေါ်တဲ့ လူသားဒိုင်း လုပ်ထားပြီးတော့ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင် အသုံးပြုခြင်းသည်လည်း စစ်ရာဇဝတ်မှု မြောက်ပါတယ်။ အဲလို အရပ်သားနဲ့ တစ်ဖက်လက်နက်ကိုင်အဖွဲ့နဲ့ ရောထွေးနေတဲ့အချိန်မှာလည်း တိုက်ခိုက်ခြင်းသည်ကလည်း စစ်ရာဇဝတ်မှုနဲ့ ဆက်စပ်တဲ့ အမှုတွေမြောက် နိုင်တယ်လို့ ကျွန်တော်ကတော့ လေ့လာဖူးပါတယ်။”
စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်နေသလို တစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်ရေးလှုပ်ရှားမှုပြုရာမှာ အရပ်သားပြည်သူတွေ ခံစားလာရမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို သတိမမူတဲ့ လုပ်ရပ်မျိုးတွေဟာ လူသားချင်းစာနာ ထောက်ထားမှု ဓလေ့ထုံးတမ်းတွေကို ချိုးဖောက်ရာ ရောက်နေတယ်ဆိုတာ ဥပဒေဖော်ပြချက်တွေအရ သိရပါတယ်။
စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်လာတဲ့အခါ အာဏာရှင် တော်လှန်ရေးတပ်တွေလည်း နယ်မြေစိုးမိုးမှု တွေ ရလာနေတာနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့ထဲရွာထဲမှာ တပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားမှု တွေ ပြုလုပ်လာရတာကိုလည်း တွေ့မြင်ရပါတယ်။
အရပ်သားပစ်မှတ်နဲ့ စစ်ရေးပစ်မှတ်၊ ပြည်သူနဲ့ ရန်သူခွဲ မခြားဘဲ ကျင့်ဝတ်ပျက်နေတဲ့ စစ်ကောင်စီတပ် ကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှု မဖြစ်ပွားရလေအောင် သို့မဟုတ် နည်းပါးအောင် တော်လှန်ရေး တပ်ဖွဲ့ တွေအနေနဲ့ သတိထားဆင်ခြင် လုပ်ဆောင်သင့်တဲ့အကြောင်း နမ့်ဖတ်ကာရွာနဲ့အလားတူတဲ့ ဖြစ်စဉ် တွေက မီးမောင်းထိုးပြနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။