ဝန်ကြီးများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခြင်းသည် ပြည်သူလူထု၏ ဘဏ္ဍာငွေကို တစ်သက်လုံးခိုးစားခဲ့သည့် အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ် ဖြစ်သည်ဟုဆို
1 May 2022 – Kachinwaves
ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း (၇)ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးက ဧပြီလ (၂၂) ရက်နေ့တွင် ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။
NLD ပါတီ၏ ပြည်နယ်သုတေသနလုပ်ငန်းအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် အနိုင်ရထားသည့် ဦးချန်းဂျော်ရမ်က ယခုလိုမျိုး အာဏာသိမ်းပြီး ဝန်ကြီးများကို ဖမ်းဆီးချုပ်နှောင်းထားသည်မှာ အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်တစ်ခုပဲဖြစ်သည်ဟု ဆိုသည်။
“ဒါက အပြစ်မရှိပဲနဲ့ မမှန်မကန် မတရားစွဲဆိုတာပဲဖြစ်တယ်။ အဂတိမှုရှိတဲ့သူတွေကိုတော့ ကျွန်တော်တို့ပါတီ ကျွန်တော်တို့အစိုးရက အရေးယူပြီးသား ဖြစ်ပါတယ်”ဟု ဦးချန်းဂျော်ရမ်က ဆိုသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို အဂတိလိုက်စားမှု ၄ မှုအတွက် တစ်မှုလျှင် ၃ နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂နှစ် ချမှတ်ခဲ့ပြီး၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးဝေလင်းကို အမှုပေါင်း ၆ မှုအတွက် ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အတွက် စုစုပေါင်း ထောင်ဒဏ် ၉ နှစ်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်းကို ထောင်ဒဏ် ၃ နှစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဟောင်း ဦးဇော်ဝင်းကို ထောင်ဒဏ် ၃ နှစ်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဟောင်း ဦးဝင်းညွန့်ကို ထောင်ဒဏ် ၃ နှစ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးဒါရှီလဆိုင်းကို ထောင်ဒဏ် ၃ နှစ်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးနော်လီ(ခ)ခမ်းရယ်ကို ၃ နှစ် စသည်ဖြင့် အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၏ မိသားစုဝင်တစ်ဦးက နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ပေါ်မှာမူတည်ပြီး စစ်ကောင်စီက လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုသာ ခံယူသည်ဟု ဆိုသည်။
“ဒီဟာကတော့ တစ်ဦးတစ်ယောက် ပုဂ္ဂိုလ်ပေါ်မှာ စွဲတဲ့ပုံစုံမျိုးအနေနဲ့ကျွန်တော်တို့ကတော့ မယူဆဘူးပေါ့နော်၊ ဒါနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ပေါ်မှာ မူတည်ပြီးဖြစ်ပေါ်လာတဲ့ ကိစ္စပဲလို့ ထင်တာပေါ့။ တစ်ဦးတစ်ယောက်တည်း အနေနဲ့မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပျက်နေတဲ့ကိစ္စတွေ အနေနဲ့ပဲကျွန်တော်တော့ မြင်တယ်။”ဟု ဒေါက်တာခက်အောင်၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား တရားစွဲဆိုသည့် အမှုကိစ္စများမှာ ဒေါက်တာခက်အောင်သည် ဗန်းမော် – မြစ်ကြီးနား AC ကတ္တရာ ထပ်ပိုးလွှာခင်းသည့် လုပ်ငန်းတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ မဟုတ်ဘဲ နိုင်ငံတော်၏ ငွေကြေးပစ္စည်းများ နစ်နာဆုံးရှုံးမှု၊ ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးရမိသည့် သလင်းကျောက်များကို လေလံဖြင့်ရောင်းချချိန် ဒေသသတ်မှတ်ကာလ ပေါက်စျေးထက် ဈေးနှုန်းလျှော့ချပြီးရောင်းချမှု၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် ဧည့်ဂေဟာ ဆောက်လုပ်ရာတွင် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီပဲငွေသုံးစွဲမှုနှင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် ကတ္တရာလမ်းခင်းသည့်လုပ်ငန်းများကို တင်ဒါခေါ်ယူခြင်း မရှိသည့်ကိစ္စများနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့်လှစ်တရားစွဲဆိုခံရကြောင်း စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးဝေလင်းသည် ဒေါက်တာခက်အောင်ကို စွဲဆိုသည့် အမှု ၄မှုအပြင် အခြားနှစ်မှုဖြစ်သော ဝိုင်းမော်မြို့နယ် ဆဒုံးလမ်းတွင် ဖမ်းဆီးရမိသည့် ဓာတ်မြေသဇာများရောင်းရငွေမှ ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့် ရယူခဲ့ခြင်းနှင့် မိုးကောင်းမြို့နယ် NLD ပါတီရုံးဆောက်လုပ်ရန် ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းယူမှု စသည့်ကိစ္စများဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။
NLD ပါတီ၏ ပြည်နယ်သဘာပတိလည်းဖြစ်သည့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဟောင်း ဦးနေဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးနော်လီသည် တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီနှင့် အကြီးစားယာဉ်ပြင်ဆင်စရိတ် ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ တရားစွဲခံရခြင်း ဖြစ်သည်။
လျှပ်စစ်ဝန်ကြီးဟောင်း ဦးဝင်းညွန့်ကိုလည်း မြစ်ကြီးနား – ဗန်းမော်လမ်း လုပ်ငန်းတွင် နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးမှုနှင့် ဝိုင်းမော်မြို့နယ် NLD ပါတီရုံးဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်စီးပွားရေးလုပ်ငန်းရှင်းများထံမှ ငွေကြေးရယူသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဟောင်း ဦးဒါရှိလဆိုင်းသည် ဖမ်းဆီးရမိသည့် သလင်းကျောက် လေလံစနစ်ဖြင့်ရောင်းချစဉ် ဈေးနှုန်းလျှော့ချပြီးရောင်းချမှုနှင့် ဖားကန့်မြို့နယ် NLD ပါတီရုံးဆောက်လုပ်ရန်အတွက် ကျောက်မျက်လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံရယူသည်ဟု တရားစွဲဆိုခံရခြင်း ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဉီးဇော်ဝင်းလည်း နယ်စပ်စစ်ဆေးရေးဂိတ်မှ သစ်သီးဖာများနှင့်ငွေကြေး ရယူခဲ့သည်ဟု စွပ်စွဲကာ တရားစွဲခံရခြင်း ဖြစ်သည်။
အဆိုပါ ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်းများသည် စစ်ကောင်စီက ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ပုဒ်မ ၂၅၊ စစ်တပ်ကိုအကြည်အညိုပျက်စေမှု ရာဇာသတ်ကြီး ပုဒ်မ-၅၀၅(ခ)၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅များဖြင့် သီးခြားစီအမှုဖွင့် တရားစွဲခံရခြင်း ဖြစ်သည်။
စစ်ကောင်စီ ဩဇာလက်အောက်ရှိ တရားရုံး၏ အမိန့်ချမှတ်ခံရသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်းများနှင့်အတူ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးဟောင်း ဦးစိုးနိုင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့၌ မြစ်ကြီးနား မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခံထားရသည်ဟု စစ်ကောင်စီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားသော်လည်း ၎င်းသည် အမှုပြစ်ဒဏ်ချမှတ်ခံရခြင်း မရှိဘဲ လွတ်မြောက်သွားကြောင်း သိရသည်။ ညွှန်ကြားရေးမှူးဟောင်း ဦးစိုးနိုင်သည် စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်ဟု သိရသည်။
“ဦးစိုးနိုင်ငံ လွတ်လာတာကြာပြီး သူကဗိုလ်မှူးဟောင်းဆိုတော့ သူယောက်ဖက မြောက်ပိုင်းတိုင်းအထိသွားပြီး ပြောပေးတယ်လို့ကြားတယ်”ဟု အမှုကိုစောင့်ကြည့်သူ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုသည်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နှင့် ကချင်ပြည်နယ်ဝန်ကြီးဟောင်းများသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။ လီဆူ၊ ဗမာ၊ ရဝမ်နှင့် ရှမ်း တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့် ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း ဦးကျော်ကျော်ဝင်းတို့သည် ဖမ်းဆီးခြင်း မခံရကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ (၁၁ လတာကာလအတွင်း) ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် တစ်နိုင်ငံလုံးရှိ NLD ပါတီဝင် ၆၄၉ ဦးဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများလည်း ရှိသည်ဟု သိရသည်။ ၎င်းဖမ်းဆီးခံရသူများမှ ၄၈၉ ဦးသည် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လုပ်ငန်းကော်မတီက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဦးချန်းဂျော်ရမ်က ယခုလိုမျိုး အာဏာသိမ်းပြီးဝန်ကြီးများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲပြစ်ဒဏ်ချမှတ်ခြင်းသည် တစ်သက်လုံးခိုးစားသည့် အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်ဖြစ်သည်ဟု မှတ်ချက်ပြုပါသည်။
“ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူလူထုရဲ့ဘဏ္ဍာငွေကို တစ်သက်လုံးခိုးစားခဲ့တာက သူတို့ပါပဲလေ။ သူတို့က မခိုးတဲ့လူတွေကို ပြန်ဟစ်တာပေါ့ကွာ”ဟု ဦးချန်းဂျော်ရမ်က ဆိုပါသည်။