တစ်သက်မှာတစ်ခါသာ ပေါ်လာနိုင်တဲ့ အခွင့်အရေး ဘယ်သူလက်လွတ်ခံမလဲ
အပတ်စဉ်။ 11 February 2022 – Kachinwaves
“ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ကြွေးကြော်သံဟာ အာဏာရှင်တော်လှန်ရေး အင်အားစုတွေရဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တစ်နှစ်ပြည့်လှုပ်ရှားမှုမှာ ကြွေးကြော်ခဲ့တဲ့ ဆောင်ပုဒ်တစ်ခု ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း စစ်ကောင်စီတစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တစ်နာရီနီးပါးကြာရှည်တဲ့ ရုပ်သံမိန့်ခွန်းပြောကြားခဲ့ပြီး ရွေးကောက်ပွဲကျင်းပ သွားမယ်လို့ ပြောကြားကာ အာဏာသိမ်းသက်တမ်းကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ နောက်ထပ် (၆)လ သက်တမ်းတိုးလိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။
ကမ္ဘာကျော်တဲ့ အကြမ်းဖက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီဥက္ကဌက ပြည်တွင်းပြည်ပက စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ လိုလားချက်ဟာ အလုံးစုံပျက်သုဉ်းရေး ဖြစ်တဲ့အတွက် ၎င်းတို့အနေနဲ့ စွန့်စားပြီး ပေးဆပ်ကာကွယ်ခဲ့ရတယ်လို့ ၎င်းရဲ့တစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
“ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို ခြုံငုံသုံးသပ်ကြည့်ရင် ပြည်တွင်းပြည်ပအကြမ်းဖက်သမားတွေနဲ့ ၎င်းတို့ကို အားပေးနေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေရဲ့ လိုလားချက်ဟာ ဒီမိုကရေစီထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေကိုသာ ဦးတည်နေပါတယ်။ နိုင်ငံတော်ကာကွယ်ရေးမှာ ပြည်သူများကို ကာကွယ်ရန်ဖြစ်ပြီး မင်းမဲ့စရိုက်အဖြစ်ခံလို့ မရပါဘူး။ လစ်လျှူရှုလို့လည်း မရပါဘူး။ ဒါကြောင့် အချို့နေရာများမှာ စွန့်စားပြီး ပေးဆပ်ကာကွယ်ရခြင်း ဖြစ်ပါတယ်”လို့ စစ်ကောင်စီဥက္ကဌက ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဌရဲ့ တစ်နှစ်ပြည့်မိန့်ခွန်းကိုကြည့်ရင် ဦးသိန်းစိန်အစိုးရလက်ထက်ကို အကောင်းမြင် သုံးသပ်ထားပြီး NLD အစိုးရလက်ထက်ကို ရှုတ်ချဝေဖန်ထားကာ ၎င်းတို့ စစ်ကောင်စီရဲ့ တစ်နှစ်တာအတွင်း လုပ်ဆောင်ချက်တွေကို အကောင်းမြင်လာအောင် အတတ်နိုင်ဆုံးအားထုတ် ရှင်းလင်းချပြထားတဲ့ မိန့်ခွန်းဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် (၇၅)နှစ်ပြည့် ပြည်ထောင်စုနေ့ကို အကြောင်းပြုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေဆဲ ဖြစ်ပါတယ်။ “ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး လုပ်ငန်းစဉ်အဖြစ် ယခုနှစ်မှစ၍ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ပါသည်။”လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဦးတည်ချက် (၉)ရပ်ထဲက ထိပ်ဆုံးမှာပါလာတဲ့ ဦးတည်ချက်မှာ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရေး” ဖြစ်ပါတယ်။ ဒုတိယအချက်မှာ NCA စာချုပ်မှာပါတဲ့အတိုင်း အလေးထားပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
အာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးစကားသံတွေဟာ ၎င်းတို့ရဲ့အာဏာသိမ်းမှု အောင်မြင်ရေးအတွက် နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ခြေလှမ်းတစ်ရပ်အဖြစ်သာ ရှုမြင်ခံနေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဟာ တောင်တန်းမြေပြန့်၊ တောနဲ့မြို့ပြနေရာအနှံ့မှာ သေနတ်သံဗုံးသံတွေ ဆူဆူညံကြားခဲ့ရပါတယ်။ သေနတ်သံဗုံးသံအပြင် ပြည်သူများဟာ ကိုဗစ်-၁၉ တတိယလှိုင်းကိုလည်း ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရကာ နိုင်ငံရေးရှုပ်ထွေးမှုနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့အတွက် စိတ်ရောကိုယ်ပါ စိတ်ချလုံခြုံမှုမရှိဘဲ ဖြတ်ကျော်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်ဟာ မှောင်မိုက်တဲ့နှစ်တစ်နှစ်အဖြစ်မှတ်ယူနိုင်ကြောင်း ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်အင်ဘန်လက ၎င်းရဲ့ ၂၀၂၂ ခုနှစ် နှစ်သစ်ကူးကြိုဆိုမိန့်ခွန်းမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းနယ်မြေတချို့တွင် လှုပ်ရှားနေတဲ့ ကေအိုင်အေဟာ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၄၀၀)ကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Kachinwaves ရဲ့ သတင်းလေ့လာစောင့်ကြည့်မှုအရ မတ်လ ၂၅ ရက်နေ့မှာ မိုးမောက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အလောဘွမ် (Alaw Bum) စစ်ဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းကလွဲရင် ကြားဖြတ်တိုက်ခိုက်မှုနဲ့ ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေသာ များခဲ့တာကိုတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ တစ်ခြားစစ်စခန်းတွေကို KIA က သွားရောက်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် ရက်ရှည်ပြင်းထန်တဲ့ တိုက်ပွဲတွေ မရှိခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်တွေဟာလည်း အာဏာရှင်စနစ် တော်လှန်ရေးကို ထောက်ခံရပ်တည်နေပေမယ့် စစ်ပွဲကိုတော့ရှောင်ရှားလိုတဲ့ သဘောထားတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာတော့ ၂၀၂၂ ခုနှစ်ဟာ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်း ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရန် အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဝန်းရံရန်လိုအပ်ကြောင်းနဲ့ ထိုသို့ဝန်းရံခြင်းမရှိရင် ရေရှည်မှာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကေအိုင်အိုဥက္ကဌက မိန့်ခွန်းကနေတဆင့် သတိပေးပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ညီနောင်မဟာမိတ် (၃)ဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ လိုအပ်ရင် စစ်ရေးနိုင်ငံရေးအရ KIO၊ KIA နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းအသိပေးခဲ့ပါတယ်။
Kachinwaves ရဲ့သတင်းစောင့်ကြည့်မှုအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၆ရက်နေ့အထိ နှစ်ပတ်အတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း (၁၉)ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် (MNDAA)နဲ့ စစ်ကောင်စီတပ်တို့လည်း တိုက်ပွဲ (၅)ကြိမ် ဖြစ်ခဲ့ပါတယ်။ ဖားကန့်မြို့နယ်တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ၎င်းတို့အထိနာခဲ့တဲ့ ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာနဲ့ ဖားကန့်မြို့နယ် နန့်ယားကျေးရွာအနီး ကပ်မှော်ရွာများတွင် လေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးခဲ့ရပြီး ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရသလို သေဆုံးထိခိုက်ခံရသူတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခါကြီးရက်ကြီးနေ့တွေမှာ ပြောကြားခဲ့တဲ့ ကေအိုင်အိုဥက္ကဌရဲ့ မိန့်ခွန်းများတွင် ပါလေ့ရှိတာက စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေကြောင့် လူများစုဖြစ်တဲ့ ဗမာပြည်သူတွေဟာ တောင်တန်းဒေသ တိုင်းရင်းသားလူမျိုးတွေ တော်လှန်နေရတဲ့ အကြောင်းရင်းကို ပိုမိုနားလည်သဘောပေါက်လာကြောင်းနဲ့ အဲသလို သဘောပေါက်နားလည်လာပြီး တောင်တန်းဒေသ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ မြေပြန့်ဒေသက တိုင်းရင်းသားပြည်သူတွေ စစ်ကောင်စီကို အတူတကွခုခံတော်လှန်နေကြခြင်းဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်လာစေရန်အတွက် အလားအလာကောင်း ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးကနေ ထွက်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးကလည်း တော်လှန်ရေးအရှိန် မြှင့်တက်နေဆဲဖြစ်ပြီး ဖွဲ့စည်းမှုနဲ့ အင်အားတောင့်တင်းလာမှုကလည်း ပိုမိုအားကောင်းလာတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
အကြမ်းမဖက်ငြိမ်းချမ်းစွာ ပြည်သူတွေဆင်နွဲခဲ့ကြတဲ့ တိတ်ဆိတ်ငြိမ်းသက်ခြင်း (Silent Strike) သပိတ်ကလည်း စစ်ကောင်စီကို တုံ့လှုပ်စေတဲ့လှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်လည်း စစ်ကောင်စီဟာ စစ်အာဏာဏရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တစ်နည်းနည်းနဲ့ ပါဝင်သူတွေကို NUG နဲ့ CRPH တွေကို ထောက်ခံသူတွေအဖြစ်စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူနိုင်ကြောင်း သတိပေးထုတ်ပြန်လာတဲ့အထိ ဖြစ်လာပါတယ်။ ပြည်သူတွေကတော့ အခုလို စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေကို ဖိအားပေးဖိနှိပ်ခြိမ်းခြောက်မှုအဖြစ် မှတ်ယူနေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုတစ်နှစ်သာကာလအတွင်း တချို့ရပ်ကွက်နဲ့ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေ ခန့်ရပ်ရန်လိုအပ်သေးကြောင်း စစ်ကောင်စီဥက္ကဌက တစ်နှစ်ပြည့်မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွေမှာ အာဏာရှင်စနစ်တော်လှန်ရေး အင်အားစုတွေ ကြွေးကြော်ခဲ့တာက “ငါတို့ပြည်ထောင် ငါတို့ပိုင်တယ်… ငါတို့ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်။ ငါတို့နယ်မြေ ငါတို့ပိုင်တယ် … ငါတို့ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်။ ငါတို့ဌာနေ ငါတို့ပိုင်တယ်… ငါတို့ငြိမ်ချင်ငြိမ်မယ်၊ ငါတို့ လှုပ်ချင်လှုပ်မယ်။ ငါတို့ကြမ္မာ ငါတို့ပိုင်တယ်… ငါတို့ကြမ္မာ ငါတို့ပဲ ဖန်တီးမယ်” ဆိုတဲ့ကြွေးကြော်သံတွေ ဖြစ်ပါတယ်။
ပြည်သူတွေကလည်း စစ်ကောင်စီကို အန်တုရုန်းကန်နေကြဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း ရှိနေတဲ့အနေအထားကနေ ပြုတ်ကျမသွားဖို့ စွန့်စားလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်စဉ် (၅)ရပ်တွင် ရွေးကောက်ပွဲကျင်းပပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးက အဓိကဖြစ်နေပါတယ်။ ရွေးကောက်ပွဲကျင်းပပြီးရင် ဖြစ်ပေါ်လာမယ့် အစိုးရကို တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေက တရားဝင်အသိအမှတ်ပြု ဆက်ဆံလာမယ်လို့လည်း မျှော်လင့်နေပုံရပါတယ်။
ကေအိုင်အိုဥက္ကဌက စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေ တကယ်မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရကြောင်း သတိချပ်ဖို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အာဏာမသိမ်းမီအချိန်တွင် ၎င်းတို့ကို နိုင်ငံရေးအရအန်တုမှုတွေ ရှိလာနိုင်ပေမယ့် ပြည်သူလူထုရဲ့ အန်တုတော်လှန်မှုဟာ လက်ရှိအခြေအနေအထိ အင်အားကောင်း ပြင်းထန်လာမယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC ကို ဖြေကြားခဲ့ပါတယ်။
နောက်ထပ်တစ်နှစ်ဟာ ရွေးကောက်ပွဲပြန်လုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ဆက်လက်အသက်သွင်းကာ အာဏာတည်ငြိမ်အောင် ထိန်းချုပ်အုပ်ချုပ်လိုတဲ့ စစ်ကောင်စီရဲ့ မျှော်မှန်းတွက်ဆချက် ဖြစ်လာမလား။ အရင်တစ်နှစ်လိုပဲ တွက်ဆမှုတွေမှား သွားမလား စောင့်ကြည့်ရမယ့်နှစ်ဖြစ်သလို အခြားတစ်ဖက်မှာလည်း “ပြည်တော်ဝင်ဖို့ ရုန်းကြစို့”လို့ ကြွေးကြော်ထားတဲ့ အာဏာရှင်တော်လှန်ရေး အင်အားစုတွေ ဘယ်လိုခြေလှမ်းတွေနဲ့ အရှိန်မြှင့်တော်လှန်သွားကြမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့်နှစ်လည်း ဖြစ်ပါတယ်။
ကေအိုင်အိုဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် အခွင့်အခါကောင်းဖြစ်ပြီး အခုအချိန် မချေမှုန်းနိုင်ရင် နောက်နောင်တွင် ပိုမိုခက်ခဲသွားမယ်ဖြစ်တယ်လို့ ကေအိုင်အို တည်ထောင်ခြင်း ၆၁နှစ်မြောက်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
သုံးသပ်ကြည့်ရင် စစ်ကောင်စီလည်း ၎င်းတို့ရဲ့အာဏာတည်မြဲရေးအတွက် အစွမ်းကုန်စွန့်စား လုပ်ဆောင်သွားဖို့ ရှိပါတယ်။ စစ်ရေးအရှိန်တွေမြှင့်တက်လာနိုင်ပြီး ပြည်သူတွေ စစ်ဘေးဒုက္ခကြုံတွေ့လာမှုကလည်း များပြားလာနိုင်ပါတယ်။ ဒါပေမဲ့ အခုလိုပြည်သူနဲ့ တော်လှန်ရေး အင်အားစုတွေ စုစည်းညီညွတ်မှုရှိပြီး နိုင်ငံတကာမျက်နှာစာမှာ အသာစီးရနေခြင်းဟာ နှစ်ပေါင်း (၇၀)ကျော် မြန်မာ့သမိုင်းအတွင်း ရတောင့်ရခဲ တစ်သက်မှာတစ်ခါသာ ပေါ်လာနိုင်တဲ့ အခွင့်အခါကောင်းဖြစ်တဲ့အတွက် ၂၀၂၂ ဟာ ပြည်တော်ဝင်ဖို့ တကယ်ရုန်းကြရမယ့်နှစ် ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ NUG၊ CRPH စတဲ့တော်လှန်ရေးအင်အားစုတွေ ညီညီညွတ်ညွတ် ပူးပေါင်းတော်လှန်နိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ မျှော်လင့်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။