စစ်ကောင်စီပေးတဲ့ ဒုက္ခအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတုဖောက်ပြန်မှုဒဏ်တွေကို ခံခဲ့ရတဲ့ သီတင်းနှစ်ပတ်
အပတ်စဉ်။ 25 January 2022 – Kachinwaves
ပြီးခဲ့တဲ့ရက်နှစ်ပတ်အတွင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတွေမှာ KIA၊ PDF တို့နဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ကေအိုင်အေ၊ ကိုးကန့် (MNDAA) တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်း ရမ်သမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်မှုရှိခဲ့ပါတယ်။ တိုက်ပွဲအပြင် စစ်ကောင်စီကို ဆန့်ကျင့်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေလည်း ကချင်ပြည်နယ်အတွင်း ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက စစ်ရှောင်နေရတဲ့ ကချင်ပြည်နယ်က စစ်ရှောင်ပြည်သူတချို့ အခက်အခဲတွေနဲ့ ကြုံနေရတဲ့သတင်းတွေကို တွေ့ရပါတယ်။
- စစ်ကောင်စီရဲ့လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှု
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင် ကသာမြို့နယ်မှာ လေကြောင်းမှ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေသလို ကျေးရွာထဲဝင်ရောက်ပြီး လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတွက် မိုးတားကြီး၊ ဟဲနား၊ မြေနု၊ မိုးတားလေ၊ နောင်ပင်၊ ပင်ဘူး၊ ရွှေဂုန်တိုင်၊ ဝက်ခေါက်၊ နမ်ဆန်း၊ မှတ်တိုင်၊ ဆူးပူကုန် အစရှိတဲ့ကျေးရွာတွေက ပြည်သူနှစ်ထောင်ကျော်ဟာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေအရ သိရပါတယ်။ ကျေးရွာပြည်သူတွေက စစ်ကောင်စီတပ်တွေ ရွာထဲဝင်ရောက်လာရင် ထွက်ပြေးနေရပြီး စစ်ကောင်စီစစ်သားတွေ ရွာကနေထွက်သွားမှ ရွာထဲပြန်လာကြရတယ်လို့ ဆိုပါတယ်။
Kachinwaves ရရှိတဲ့သတင်းအရ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်တွင် ကသာမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းကနေ ပစ်ခတ်မှု (၃)ကြိမ်ရှိခဲ့ပြီး မိုးတားကြီးနဲ့ မှတ်တိုင်ရွာက အသက် ၁၀ နှစ်အောက်ကလေးသူငယ် (၃)ယောက်နဲ့ အရွယ်ရောက်ဒေသခံပြည်သူ (၃)ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဆောက်အဦးတချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က အင်းရွာထဲသို့ ဝင်ရောက်လာပြီး လူနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့နယ် ကေအိုင်အေ အမှတ် (၆)တပ်ရင်းနယ်မြေအတွင်းသို့လည်း လေးကြောင်းမှာ လာရောက်ပစ်ခတ်မှု ရှိခဲ့ပါတယ်။
- တိုက်ပွဲအပြင် ကေအိုင်အေနဲ့ PDF တို့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများ။
စစ်ကောင်စီကိုအကျိုးပြုနေတဲ့ ဘီယာထုတ်ကုန်တွေကို မြစ်ကြီးနားမြို့နဲ့ ဟူးကောင်းဒေသ (တနိုင်းမြို့နယ်)တွေမှာ ရောင်ဝယ်ခြင်း၊ သယ်ဆောင်ခြင်း မပြုရန် သက်ဆိုင်ရာနယ်မြေရဲ့ ကေအိုင်အို ခရိုင်အုပ်ချုပ်ရေးရုံးတွေက ဇန်နဝါရီလ ၃ရက်နဲ့ ၄ရက်နေ့တွေမှာ သတိပေးထုတ်ပြန်ခဲ့ကြပါတယ်။ အဲသလိုထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ မြစ်ကြီးနားမြို့နဲ့ စစ်ကိုင်းတိုင်းတွေမှာ ကေအိုင်အေနဲ့ PDF တို့က ဈေးဆိုင်တွေမှာရောင်းချနေတဲ့ တားမြစ်ထားတဲ့ ဘီယာတွေကို လိုက်လံဖျက်ဆီးတဲ့သတင်းတွေကို တွေ့ရပါတယ်။
ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၆၃)ရွာမှ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးဝန်ထမ်းတွေကို ဇန်နဝါရီလ ၂၆ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် သတိပေးထားပါတယ်။
- ဖားကန့်မြို့ရဲ့ အခြေအနေ။
ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်းမှာ ဖားကန့်မြို့မှာ လုပ်ကြံသတ်ဖြတ်မှု နှစ်ခုဖြစ်ခဲ့ပါတယ်။ မရှီကထောင်ရပ်က စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်အောင်နဲ့ ဆိုင်းတောင်ရပ်ကွက်က လုပ်ငန်းရှင် ဦးတန်ဘောင်လဆိုင်းတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးကို ဘယ်သူတွေက သတ်ဖြတ်ခဲ့တာကိုတော့ သတင်းထုတ်ဖော်ခြင်းမျိုး မတွေ့ရပါ။
ဖားကန့်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်ဆင်နွဲနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၂၀ ရက်ကနေ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ ဖြစ်ပေမဲ့ ဖားကန့်တိုင်းရင်းသားလူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၀ရက်နေ့ညအတွင်းမှာတော့ Mytel SIM ကဒ်ကို အင်တာနက်လိုင်း ယာယီလိုင်းဖွင့်ပေးခဲ့ပြီး နောက်နေ့ မနကမှာ လိုင်းပြန်ပိတ်ပေးလိုက်တဲ့ သတင်းကို တွေ့ရပါတယ်။ အင်တာနက်လိုင်း ယာယီဖွင့်ပေးလိုက်တဲ့အချိန်အတွင်းမှာ SIM ကဒ်ဝယ်ယူသူတွေ၊ ဖုန်းငွေဖြည့်သူတွေနဲ့ အင်တာနက်ဒေတာ ဝယ်ယူသူတွေရှိခဲ့ပြီး လိုင်းပြန်ပိတ်ပေးလိုက်လို့ သုံးစွဲသူပြည်သူတွေ မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အဲသလိုဖြစ်ပြီးနောက်မှာတော့ ၃ ရက်အတွင်း ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်း ဖွင့်ပေးရန် သတိပေးထုတ်ပြန်ချက်တစ်ခုကို မြေအောက်တော်လှန်ရေးတပ်ဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တာရှိပေမယ့် အင်တာနက်လိုင်းက ပိတ်ထားခံနေရဆဲ ဖြစ်ပါတယ်။
ဖားကန့်က အခြားသတင်းတစ်ပုဒ်မှာ မမုံစံပြကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက် မြေစာကန်မှနွံတွေ ဥရုချောင်းသို့စီးဝင်လာပြီး ချောင်းရေလမ်းကြောင်း ပိတ်ဆို့သွားတဲ့အတွက် ယာယီသွားလာနေတဲ့ ချောင်းတံတားတချို့ ရေနှစ်မြုပ်ခဲ့ရတဲ့သတင်း ဖြစ်ပါတယ်။
- စစ်ဘေးရှောင်ပြည်သူတချို့ အခက်အခဲ ကြုံနေရတဲ့ သတင်း။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တွင် KIA နဲ့ မြန်မာစစ်တပ်တို့ မိုးကောင်းမြို့နယ် နမ္မတီးမြို့အနီးရှိ ကဆုန့်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ကဆုန့်စစ်ရှောင်တွေ ခိုလှုံနေတဲ့ မြစ်ကြီးနားမြို့ ပမ္ပတီးစစ်ရှောင်စခန်းရဲ့ မြေနေရာကို မြေပိုင်ရှင်က ဆက်မငှားပေးတော့တဲ့အတွက် ပမ္ပတီးစစ်ရှောင်စခန်းက အိမ်ထောင်စု (၂၆)စုနဲ့ လူဦးရေ ၁၀၀ကျော် အခက်အခဲတွေ့နေတဲ့သတင်း ဖြစ်ပါတယ်။
ဒါ့အပြင် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်က မလိခမြစ်ကြောင်း တစ်လျှောက်ရှိ စစ်ရှောင်ပြည်သူတွေပိုင်ဆိုင်တဲ့ မြေနေရာတွေမှာ စက်ယန္တရားတွေနဲ့ တရားမဝင်ရွှေတူးဖော်လာနေတဲ့အတွက် နေရပ်စွန့်ပြီး စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေ အခက်တွေ့နေရတဲ့ သတင်းကို တွေ့ရပါတယ်။ စစ်ရှောင်ပြည်သူတွေက ၎င်းတို့ စစ်ရှောင်နေရတဲ့အတွက် စွန့်ပစ်ထားရတဲ့ စိုက်ပျိုးမြေတွေကို နိုင်ငံရေးအခြေအနေကောင်းလာရင် နေရပ်ပြန်ပြီး ပြန်လည်စိုက်ပျိုး လုပ်ကိုင်စားသောက်ကြမယ့် မြေနေရာတွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မချမ်းဘော့မြို့နယ်ရှိ အင်လွယ်ယာန်နဲ့ ရှိန်ကိုင်ယာန်ရွာအနီး စိုက်ပျိုးမြေနေရာများ၊ ထီခချောင်းဆုံ တစ်လျှောက်၊ အင်ဖီဂါး၊ ဖာ့ကန်းယာန်တစ်လျှောက်နဲ့ အင်ခါဂါးကျေးရွာတစ်လျှောက်ရှိ စစ်ရှောင်ပြည်သူတွေရဲ့ စိုက်ပျိုးမြေနေရာတွေမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကစပြီး စက်ယန္တရားတွေသုံးပြီး ရွှေတူးဖော်လာကြကြောင်း သိရပါတယ်။
၎င်းကျေးရွာက ပြည်သူတွေဟာ ၂၀၁၃ ခုနှစ်တွင် အင်ခါဂါးကျေးရွာအနီးမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပူတာအိုမြို့နဲ့ မချမ်းဘော့မြို့များသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ ပြည်သူတွေ ဖြစ်ကြပါတယ်။
- ဖမ်းဆီးထောင်ချခံရတဲ့သတင်း။
၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့က တနိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၂၉ ဦးကို ခုနှစ်လကြာ ထိန်းသိမ်းရုံးတင်စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၉ရက်နေ့မှာတော့ အသက် (၁၈)နှစ် မပြည့်သေးတဲ့လူငယ် ၈ ဦးကို လွတ်ပေးခဲ့ပြီး ကျန်တဲ့ ၂၁ယောက်ကိုတော့ ပုဒ်မ ၁၇(၁)နဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တနိုင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူငယ်တွေကို အကျဉ်းထောင်သို့ မပို့သေးဘဲ စစ်ကောင်စီတပ်စခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အခြားသတင်းတွေကို တင်ပြရရင် စစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင် ဖဲကြိုးဖြတ်ခွင့်လှစ်တဲ့ မြစ်ကြီးနားမြို့ အေးမြသာယာအဆင့်မြှင့်ဈေးအနီးမှာ မိုင်းပေါက်ကွဲမှု ဖြစ်ပျက်ခဲ့ပေမယ့် ထိခိုက်မှုရှိတဲ့ သတင်းကိုတော့ မတွေ့ရပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်နှစ်ပတ်တွင် ကချင်ပြည်နယ်တချို့ဒေသတွေမှာ မိုးသီးမိုးရွာခဲ့သွန်းခဲ့ပါတယ်။ မိုးသီးမိုးရွာခဲ့တဲ့အတွက် မိုးညှင်းမြို့နယ်ရှိ ပြည်သူတွေရဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။