ဖားကန့်မြေပြိုမှုကြောင့် သေဆုံးသူ အလောင်း ၁၀၀ ကျော်တွေ့ပြီ
ဖားကန်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါကျောက်စိမ်းမှော်တွင် ဇူလိုင် ၂ရက်နေ့ နံနက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် မြေပြိုမှုကြောင့် သေဆုံးသွားသော ရေမဆေးကျောက်ရှာသူများ၏ အလောင်းသည် နေ့လည် ၁၂နာရီအထိစာရင်းအရ ၉၉လောင်းရှာဖွေတွေ့ရှိထားကာ၊ ဆက်လက်ရှာဖွေနေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညဏ်လင်းအောင်က ပြောသည်။
“၁၂နာရီအချိန်အတိတော့ ရုပ်အလောင်းအားလုံးပေါင်းသေဆုံးတဲ့ (dead body) အားလုံးပေါင်း ၉၉ ရှိတယ်။ ဒဏ်ရာရရှိတာ ၂၃ယောက်ရှိတယ်။ ကျွန်တော်တို့ရှာဖွေကယ်ဆယ်ရေး၊ ဆေးဝါးကုသရေးတွေ ဒီအလောင်း စီမံခန့်ခွဲရေးတွေတော့လုပ်နေတယ်။ အခုချိန် မိုးကလည်း တော်တော်လေးသည်းနေတဲ့ သဘောရှိတယ်”ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ်လင်းအောင်က ပြောသည်။
ဖားကန့်ကျောက်စိမ်းလုပ်ကွက်များ မြေပြိုမှုသည် နှစ်တိုင်းယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ အစိုးရဘက်ကနေ ကုမ္ပဏီများကို ထိန်းကျောင်းခြင်းဖြင့် တစ်ခုခု ပြင်သင့်ကြောင်း ဖားကန့်ဒေသခံ ဦးနောင်လတ်က ပြောသည်။
“ဒီလို နှစ်တိုင်းနှစ်တိုင်းတစ်နှစ်မှာ ငါးခါ၊ ခြောက်ခါ၊ ဆယ်ခေါက်ဝန်းကျင်လောက် မြေပြိုနေတယ်ဆိုတော့ ကျွန်တော်တို့လက်ရှိတာဝန်ရှိတဲ့ သက်ဆိုင်ရာအစိုးရတွေက တစ်ခုခုတော့ ပြင်ဆင်သင့်ပြီလို့မြင်တာပဲ။ အခုကျွန်တော်တို့ နှစ်တိုင်းနှစ်တိုင်း ဒီအာနိဋာရုံသေတာများနေပြီး မြန်မာနိုင်ငံမှာ ရှင်းရှင်းပြောတာ ဒီဖားကန့်ကလူတွေ သဘာဝပတ်ဝန်းကျင်နဲ့မဟုတ် ဒီအာနိဌာရုံနဲ့ လူသေမှုက အမြင့်မားဆုံး အခြေအနေမှာ ရောက်နေတဲ့အတွက်ကြောင့် တစ်ခုခုတော့ လုပ်သင့်ပြီလို့ထင်တယ်။ အဲ့ကြောင့်တာဝန်ရှိတာ နံပါတ်(၁)ကတော့ ကျွန်တော်ပြောပြောနေတဲ့ လက်ရှိအစိုးရမှာ တာဝန်ရှိတယ်။ ဒီကုမ္ပဏီတွေရဲ့ ဗရမ်းဗတာ မဆင်မခြင်လုပ်မှုတွေ၊ နောက်ဆက်တွဲ တူးတဲ့နောက်ပိုင်း သေချာမပြုပြင်ထားတဲ့ကိစ္စရယ်”ဟု ဦးနောင်လတ်ကပြောသည်။
၎င်းကဆက်ပြောပြသည်မှာ လူထုအနေဖြင့်လည်း အသက်ကိုဉာဏ်စောင့်ဆိုသည့်အတိုင်း သတိထားပြီးတော့ လုပ်သင့်သည်ဟု မြင်ကြောင်း ပြောပါသည်။
မြေအောက်တွင် အလောင်းများကျန်နေသေးပြီး ၂နာရီခွဲတွင် ရှာဖွေတွေ့ရှိထားသောအလောင်းများ တစ်ရာကျော်ရှိနေပြီဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာ၌ရောက်ရှိနေသော ဖားကန့်ဒေသခံ ဦးဘောမ်ကျန်းက ပြောပါသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါကျောက်စိမ်းမှော်တွင် လုပ်ကွက်အချို့တွင် ရေမဆေးကျောက်ရှာဖွေနေစဉ် ယခုလို မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
၂၀၁၅ တွင်လည်း ဖားကန့်တွင် မြေပြိုမှုဖြစ်ပြီး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ဖူးသည်။