ကေအိုင်အို ထိန်းချုပ်နယ်မြေတွင်ဖြစ်ပွားသော ၅လောင်းပြိုင်လူသတ်မှုနှင့် ဆက်စပ်၍ အမျိုးသားနှစ်ဦးအား တရားရုံး၌စစ်ဆေးနေ
ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် ပထမဆုံးအကြိမ် (၅)လောင်းပြိုင် လူသတ်မှု၊ ဇူလိုင် (၃)ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပျက်ခဲ့ပြီး လူသတ်မှုနှင့်ဆက်စပ်၍ တရားခံဟုယူဆရသူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် မံစီမြို့နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေ အင်ဘာပါမြို့နယ်ခွဲ ဂိုင်ဒေါ်ကျေးရွာမှ ဦးယာကု လန်းဇိန်းတန်ဂွမ်း၊ ဇနီးဒေါ်ဆွမ်လွတ်ထုနန် အပါအဝင် မိသားစုဝင် (၅)ဦးအား ၎င်းတို့နေအိမ်တွင် လာရောက် သတ်ဖြတ်သွားခြင်းဖြစ်သည်။
အမျိုးသားနှစ်ဦးအား ကေအိုင်အိုတရားရုံးတွင် လူသတ်မှုဖြင့်အမှုဖွင့် စစ်ဆေးနေသည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကဆိုသည်။
“ဒီနေ့က ဘာမှမထူးသေးဘူး။ သူတို့နှစ်ယောက်ကို တရားရုံးမှာ စစ်ဆေးနေတုန်းပဲ”ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။
ယမန်နှစ်ကလည်း အဆိုပါကျေးရွာမှ အုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး၊ ယခုသတ်ဖြတ်ခံရသူများလည်း ယင်းကျေးရွာ၏ အုပ်ချုပ်ရေး စာရေးနှင့် မိသားစုများဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။