ပြည်တွင်းငြိမ်းချမ်းရေးကို ဂုဏ်သိက္ခာရှိရှိပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် နိုဝင်ဘာလတွင်ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ပူးပေါင်းထားသည့် ကချင်သုံးပါတီကိုယ်စား အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မြစ်ကြီးနားနေရာအတွက်ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း KDP ပါတီဥက္ကဌ ဦးအောင်ခမ်း ပြောသည်။
“ပူးပေါင်းထားတဲ့ကချင်ပါတီအနေနဲ့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ အခုယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်အတွင်းမှာ လူမျိုးပေါင်းစုံရှိနေတယ် ဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကို တောင့်တနေတဲ့ပြည်သူတွေအားလုံး အားပေးထောက်ခံ ပေးကြဖို့ မျှော်လင့်ပါတယ်”ဟု ဆိုသည်။
KSDP ပါတီဥက္ကဌ ဒေါက်တာတူးဂျာက ပါတီသုံးခုပူးပေါင်းထားသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) မှာ မှတ်ပုံတင်မရရှိသေးသောကြောင့် ဦးအောင်ခမ်းမှာ KDP ပါတီအမည်ဖြင့်သာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း ပူးပေါင်းထားသည့် ပါတီသုံးခုအတွက် ကိုယ်စားပြုရွှေးချယ်ထားခြင်းဖြစ်ကြောင်း ကချင်လူမျိုးများသာမက ကချင်မဟုတ်သူများလည်း ဝိုင်းဝန်းအားပေးစေလိုတယ်ဟု ပြောသည်။
အဆိုပါ ကချင်ပြည်နယ် ပြည်သူ့ပါတီ( KSPP) မှာ ကချင်ပြည်နယ် ဒီမိုက်ရေစီပါတီ (KSDP)၊ ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ (KDP)နှင့် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ (UDPKS) စတဲ့ပါတီသုံးခုပါဝင်သည်။
ဦးအောင်ခမ်းသည် ၁၉၈၈ မတိုင်ခင်ကတည်းက နိုင်ငံရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ၈၈ အရေးအခင်းပြီးနောက်တွင် ထိုင်း၊ အိန္ဒယနိုင်ငံများတွင်နေထိုင်ကာ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည်။
ကချင်ကျောင်းသားလူငယ်သမဂ္ဂ (AKSYU)တွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပြီး ကချင်ဖွံ့ဖြိုးရေးကွန်ယက် (KDNG)နှင့် ကချင်သတင်းဌာန(KNG)တို့ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။