တစ်ကျော့ပြန် ကချင်စစ်ပွဲ ၇ နှစ်ပြည့် ဆုတောင်းပွဲကျင်းပမည်။
မနက်ဖြန် ဇွန်လ ၉ရက်နေ့ မြစ်ကြီးနားမြို့ စီတာပူနောင်ကွင်းတွင် ကျင်းပမည့် ကချင်ဒေသ စစ်ပွဲ ၇ နှစ်ပြည့် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွင် ဘုရားသခင်ထံ ခွန်းအားယူဆုတောင်းခြင်းနှင့် စစ်ဘေးဒုက္ခသည်စခန်းမှ လူငယ်များ၏ ၇နှစ်တာကာလမှာ တွေ့ကြုံခဲ့ရသော အခက်အခဲများကို ပြဇာတ်ဖြင့် သရုပ်ဖော်ပြသသွားမည် ဖြစ်ကြောင်း အဆိုပါအစီအစဉ်၏ ခေါင်းဆောင်ဖြစ်သူ ဦးဇော်ဂျတ်က ပြောသည်။
“စစ်ရှောင်စခန်းတွေမှာ ဒုက္ခတွေနဲ့နေနေရတာ ၇ နှစ်ပြည့်လာပေမယ့် စစ်ရေးနိုင်ငံရေးက ဘာမှထူးထူးခြားခြား ပြောင်းလဲလာတာမရှိဘူး၊ ပိုပြီးမှ ခက်ခဲလာတဲ့အခြေအနေတွေကို တွေ့ရတော့ စစ်ရှောင်ပြည်သူတွေရဲ့ ဘဝရှေ့ရေးက အင်မတန်မှ စိုးရိမ်စရာရောက်ရှိနေတယ်၊ ဒါကြောင့် ဒီမှာရှိတဲ့ပြည်သူပြည်သားတွေ အားလုံးလည်း IDP တွေရဲ့အရေးမှာ တညီတညွတ်တည်း တခုတည်းသော အင်အားစိတ်ဓါတ်နဲ့ ပါဝင်ကြရအောင်”ဟု ဆိုသည်။
ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်ကို ကချင်ဒေသအသီးသီးနှင့် ရှမ်းမြောက်တွင်ရှိသော IDPများ မိမိဒေသကို လုံခြုံစိတ်ချရတဲ့ အနေအထားနဲ့ အမြန်ပြန်နိုင်ရန်၊ ယခုလိုခက်ခဲနေရတဲ့ အခြေအနေဖြစ်သော်လည်း ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းခြင်းဖြင့် ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာအားလုံးအတွက် အင်အား တစ်ခုတည်းစုစည်းနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဦးဇော်ဂျတ်က ပြောသည်။
အဆိုပါအစီအစဉ်ကို မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC)၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)၊ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖေါင်ဒေးရှင်းနှင့် ကချင်အရပ်ဖက်အဖွဲ့အစည်းများအားလုံးစုပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး လက်ရှိ IDP များကြုံတွေနေရသော အခြေအနေများကို သရုပ်ဖေါ်သည့် ပြခန်းတစ်ခုကိုလည်း ထည့်သွင်းပြသမည်ဖြစ်သည်။
photo. . . Sut Seng Htoi