ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစု အသတ်ခံရမှု တရားခံမပေါ်သေး
–
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် NUG အစိုးရရဲ့ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ မိသားစု အသတ်ခံရမှု လက်သည်တရားခံ မပေါ်သေးဘူးလို့ ပညာရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
NUG ပညာရေးဘုတ်အဖွဲ့ရဲ့ မြို့နယ်တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲနဲ့ (၃) လသမီး မရွှေဝတ်ရည်လွှာတို့ဟာ ၎င်းတို့နေထိုင်ရာ ကနီမြို့နယ်၊ တပုန်းရွာနေအိမ်မှာ နိုဝင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက ရက်ရက်စက်စက် လည်လှီး အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ကနီမြို့နယ် ပညာရေးနဲ့ နီးစပ်သူက ပြောပါတယ်။
“၄ ရက်နေ့ည ၁၂ ကျော်ကျော်လောက်ထိ ဦးဝင်းဌေးက အင်တာနက်သုံးခဲ့တယ်။ ကျွန်တော်တို့ အလောင်းစတွေ့တာက ၅ ရက်နေ့ နေ့လည် ၂ နာရီလောက်မှ စတွေ့တာဆိုတော့။ သူတို့မိသားစု အသတ်ခံရတာ ၅ ရက်နေ့ အစောပိုင်းလို့ပဲ ယူဆတယ်။ မိသားစု သုံးယောက်လုံးက လည်လှီးပြီးတော့ သတ်ခံခဲ့ရတာ။ ဦးဝင်းဌေးကတော့ ရုန်းကန်ထားတဲ့ပုံ မတွေ့ရဘူး။ ဇနီးကတော့ ရုန်းကန်ထားတဲ့ပုံ ပေါ်တယ်။ ပိုဆိုးတာက ကလေးလေးကိုပါ ရက်ရက်စက်စက် လည်လှီးပြီး သတ်သွားတာပဲဗျာ။ အဲ့ဒီအပြင် ခေါင်းကိုပါ ထုပိန့်ထားတာ”လို့ ကနီမြို့နယ်ပညာရေးနဲ့ နီးစပ်သူက ပြောပါတယ်။
ဆရာနဲ့ သူ့မိသားစုကို အခုလို တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရခြင်းအမှုနဲ့ ပတ်သက်ပြီး “မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး အသေးစိတ်မှတ်တမ်းတင်လျက် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု နိုဝင်ဘာ ၅ ရက်နေ့မှာ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဦးဝင်းဌေးတို့မိသားစု အသတ်ခံခဲ့ရသည့် တပုန်းကျေးရွာဟာ ကနီမြို့ရဲ့ မြစ်တစ်ဘက်ကမ်းမှာရှိပြီးတော့ တော်လှန်ရေး စိုးမိုးနယ်မြေဖြစ်တဲ့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ကလည်း အမြန်ဆုံး အမှုမှန်ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်တာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။