စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများ သေဆုံး
–
တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီစစ်သုံ့ပန်းများအား ထိန်းသိမ်းထားသည့် အချုပ်ဆောင်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် စစ်သုံ့ပန်းများ သေဆုံးခဲ့ရကြောင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး-PDF)က ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့၌ ထုတ်ပြန်သည်။
ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများအား ထားရှိသည့်အချုပ်ဆောင်များကို ယမန်နေ့ အောင်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် တံတားဦးတက် ဂျက်ဖိုက်တာ ၁ စီးက (၂) ကြိမ် ဗုံးကြဲချခဲ့၍ အချုပ်ဆောင်ကို ထိမှန်ကာ စစ်သုံ့ပန်း (၈) ဦးအပါအဝင် (၁၂) ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ (၆၀) ဝန်းကျင်ရှိသည်ဟု မန္တလေး-PDF က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သေဆုံးခဲ့သော စစ်သုံ့ပန်းများမှာ (၃၆) နှစ်အရွယ် ဒုတပ်ကြပ် ထက်နောင်နောင်စိုး ခမရ (၇၀၈) တိုက်ကြီး၊ အသက် (၃၃) နှစ်အရွယ် တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင် လကတ (၁၀၁၄)၊ အသက် (၃၁) နှစ်အရွယ် ဗိုလ်ကြီးထွန်းနိုင် (အင်ကြင်းမြိုင်)၊ အသက် (၄၁) နှစ်အရွယ် ဒုတပ်ကြပ် သီဟငြိမ်း ခမရ (၇၇) ရေနံချောင်း၊ အသက် (၂၃) နှစ်အရွယ် ဒုတပ်ကြပ် ဖိုးချို ခမရ (၇၀၈) တိုက်ကြီး၊ အသက် (၄၃) နှစ်အရွယ် တပ်ကြပ် ခင်မောင်ထွန်း ခမရ (၇၀၈) တိုက်ကြီး၊ အသက် (၄၀) နှစ်အရွယ် နန်းမြို့ဦး (ပျူစောထီးနှင့် ၃၃ နှစ်အရွယ် သန်းဇော် (ပျူစောထီး) တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း တွေ့မြင်ခဲ့ရသည်ဟုလည်း ဆိုထားသည်။
ယင်းအချုပ်ထောင်နေရာကိုတော့ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။ လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။