ပူတာအိုမှာ စစ်ကောင်စီ သန်းခေါင်စာရင်းကောက်နေသလို စစ်အင်အားလည်း ဖြည့်တင်းနေ
–
ကချင်ပြည်နယ် ပူတာအိုမြို့မှာ အောက်တိုဘာ လဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီက စစ်လက်နက်
အင်အားတွေ ဖြည့်တင်းနေတဲ့အပြင် သန်းခေါင်စာရင်း ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြီး၊ လမ်းပြိုမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အပြင် စစ်ရေးအရ ပိတ်ဆို့ခံထားရတဲ့ ပူတာအိုဒေသမှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တပ်သားအင်အားနဲ့ လက်နက်ရိက္ခာတွေ ဖြည့်တင်းနေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပူတာအိုမှာ စစ်ရေးတွေ အရမ်းလှုပ်လာတယ်တဲ့။ ဟိုတစ်ပတ် (အောက်တိုဘာလဆန်းရက်) ကပဲ Y – 12 နဲ့ လက်နက်ကျည်ရိက္ခာနဲ့ လူအင်အားတွေ ပို့နေတယ်။”လို့ ပြောပါတယ်။
KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်လည်သိမ်းယူမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေကြောင်းလည်း သူကဆိုပါတယ်။
သို့ပေမယ့် ပူတာအို – ဆွမ်ပရာဘွမ် လမ်းကြောမှာ KIA ပူးပေါင်းတပ်တွေက နေရာယူထားတဲ့အတွက် စစ်ကောင်စီအနေနဲ့ ဆွမ်ပရာဘွမ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ခက်ခဲနိုင်ကြောင်းလည်း ဒေသခံတွေက သုံးသပ်ပါတယ်။
စက်တင်ဘာ လကုန်ပိုင်းကလည်း ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ အိမ်ကိုလည်း စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့တယ်လို့လည်း ပူတာအို ဒေသခံက ပြောပါတယ်။
အိမ်ကိုဝင်စီးတာကြောင့် ကျန်းမာရေး မကောင်းတဲ့ အသက် (၇၀) နှစ်ကျော် မိခင်ဖြစ်သူကို ရွှေ့ပြောင်းထားရပြီး အခက်အခဲဖြစ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်းကိုလည်း ရပ်ရွာလူကြီးတွေက စတင်ကောက်နေပြီဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ယူပေးနေကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာခဲ့တဲ့ ပူတာအို ခရိုင်အတွင်းမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး ပူတာအို – မြစ်ကြီးနား ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောကိုလည်း KIA ပူးပေါင်းအဖွဲ့က ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
ဆွမ်ပရာဘွမ်မြို့ မြို့သိမ်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၂၃ မေလလဆန်းကစပြီး မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို ပိတ်ထားခဲ့သလို မိုးကြီးရေကြီးရေလျှံမှုနဲ့ မြေပြိုမှုများကြောင့် လမ်းပိုင်းပျက်စီးမှုပြန်လည်ဖြစ်ပွားကာ စားသုံးကုန်တွေ ပြတ်လပ်ခဲ့ပြီးနောက် ၂၀၂၄ စက်တင်ဘာလဆန်းပိုင်းမှ အဆိုပါလမ်းပိုင်းကို ပြန်လည်သွားနိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေထံက သိရှိရပါတယ်။