ကောလင်းနဲ့ ရေဦးမှာ လေကြောင်းဗုံးကြဲလို့ ကလေးငယ် (၂) ဦး အပါအဝင် (၆) ဦးသေဆုံး
–
စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ရေဦးမြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်က တစ်ရက်တည်း လေကြောင်းဗုံးကြဲခဲ့လို့ ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား (၆) ဦး သေဆုံးပြီး (၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့ အောက်တိုဘာ ၈ ရက် မွန်းလွဲ ၃ နာရီခွဲလောက်မှာ တံတားဦးမှတက်တဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ကောလင်းအရှေ့ခြမ်းက မန္တလေး-မြစ်ကြီးနား လမ်းပေါ်မှာရှိတဲ့ ကုက္ကိုလ်ကုန်းရွာ ဆေးရုံအနီးဝန်းကျင်ကို ဗုံး (၃) လုံးကြဲချခဲ့လို့ အရပ်သား (၃) ဦး သေဆုံးခဲ့ပြီး (၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း ကောလင်းဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“ကောလင်းအရှေ့ခြမ်း ကားလမ်းဘေးက ကုက္ကိုလ်ကုန်း ကားလမ်းနဘေးနားက ဈေးဆိုင်ကို ပစ်သွားတာ။ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၁) ဦးသေတယ်။ ဈေးဆိုင်တစ်ဆိုင်၊ နေအိမ်တစ်လုံးနဲ့ ကား (၃) စီးလည်း ပျက်စီးသွားတယ်။”လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ ရေဦးမြို့နယ် တင်းတိမ်ရံရွာကို မိတ္ထီလာ ရှမ်းတဲလေကြောင်းတပ်ကနေ တက်လာတဲ့ MIG-29 ဖိုက်တာဖြင့် ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချခဲ့လို့ မိခင်ဖြစ်သူနဲ့ ကလေးဖြစ်သူတို့ သေဆုံးခဲ့တယ်ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။
သေဆုံးသွားတဲ့သူတွေဟာ အသက် (၆) လ သမီးမိန်းကလေးတစ်ဦး၊ အသက် (၆) နှစ်အရွယ် မောင်ဖြိုးခေတ်သစ်နဲ့ သူတို့ရဲ့မိခင်ဖြစ်သူ အသက် (၃၀) နှစ်ကျော်အရွယ် ဒေါ်မွန်အောင်တို့ သေဆုံးခဲ့ကြတယ်လို့ ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
“ဒီလထဲမှာ မနေ့ကနဲ့ဆို အကြောင်းမဲ့ ဗုံးကြဲသတ်ဖြတ်တာ တင်းတိမ်ရံရွာ (၂) ကြိမ်ရှိပြီ။ အဲ့ကတည်းက တင်းတိမ်ရံရွာခံ ပြည်သူတွေကတော့ ပြည်သူတွေကို အကြောင်းမဲ့ဗုံးကြဲသတ်ဖြတ်တာတွေကြောင့် မနေရဲကြတော့ပဲ၊ အခုထိ တိမ်းရှောင်နေကြရတယ်။ နေ့ခင်းပိုင်းလေး ခဏဝင်ကြတယ်၊ ညပိုင်းအပြင်ထွက်အိပ်ကြတယ်။ မနေ့ကညနေပိုင်းလည်း ပြည်သူတွေ ခဏပြန်ဝင်နေကြတဲ့အချိန် မထွက်ခင်လေးမှာ မထင်မှတ်ပဲ လာကြဲသွားလို့ သေဆုံးခဲ့ကြရတာပါ။”လို့ ပြောပါတယ်။
တင်းတိမ်ရံရွာကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့နဲ့ အောက်တိုဘာ ၅ ရက်နေ့တုန်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ပြည်သူတွေ (၁) ဦးသေဆုံးကာ ပြည်သူတစ်ချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ကောလင်းမြို့ အနောက်ခြမ်းကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်ခဲ့လို့ စစ်ဘေးရှောင်ပြည်သူ အပါအဝင် (၇) ဦးသေဆုံးခဲ့ပြီး (၁၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။