ဆိုင်းတောင် Lucky Men Hotel နဲ့ KTV မှာ တစ်လကြာ တပ်စွဲနေတဲ့ စကစ ကို အပြီးသတ်စီးနင်းတိုက်ခိုက်ခဲ့
–
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ Lucky Men Hotel နဲ့ KTV ကို ဒီနေ့ မနက်အစောပိုင်းမှာ KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းနိုင်ခဲ့ကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
Lucky Men Hotel နဲ့ KTV မှာ တပ်စွဲနေတဲ့ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းနဲ့ စနိုက်ပါတပ်သား အပါအဝင် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ သိရှိရပါတယ်။ အဆိုပါ ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဟာ စစ်ကောင်စီရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တူဖြစ်ဖြစ်ကြောင်းလည်း သတင်းတွေထွက်ပေါ်နေတာ ရှိပါတယ်။
Lucky Men ဟိုတယ်ကတောာ့ ပစ်ခတ်မှုဖြစ်ပွါးစဉ်အတွင်း လက်နက်ကြီးကျည်တွေ ပေါက်ကွဲခဲ့တဲ့အတွက် မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။
မွန်းလွဲပိုင်းမှာ ကျေးရွာအတွင်း ပစ်ခတ်သံအချို့ ထပ်မံထွက်ပေါ်ခဲ့ပြီး ဖားကန့်စစ်ကောင်စီတပ် ဗျူဟာကုန်းကနေလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဆိုင်းတောင်စစ်ရေးတင်းမာမှုဟာ မနေ့က အောက်တိုဘာ ၇ ရက်နေ့မှာ ၁ လပြည့်ခဲ့ပြီဖြစ်ပြီး၊ ဒီကနေ့မှာတော့ ကျေးရွာအတွင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာကို KIA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးစီးနင်းတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။