အင်းတော်မှာ ရှေ့တန်းထောက်ပို့သွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဦးခေါင်းတည့်တည့် မပေါက်ကွဲတဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံး
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ ရှေ့တန်းကို ရိက္ခာသွားပို့တဲ့ ရဲဘော်တစ်ဦးရဲ့ ဦးခေါင်းတည့်တည့်ကို ကျရောက်တဲ့ လက်နက်ကြီးကျည် မပေါက်ကွဲခဲ့ပေမဲ့ ဦးခေါင်းခွံပိန့်ပြီး ဦးနှောက်ထိ သွားတဲ့အတွက် သေဆုံးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အင်းတော်မြို့ထဲက ရှေ့တန်းရဲဘော်တွေကို ရိက္ခာ သွားပို့တဲ့အချိန် စစ်ကောင်စီတပ်က (၄၀) မမ လက်နက်ကြီးနဲ့ လှမ်းထုခဲ့လို့ ဦးခေါင်းထိမှန် သေဆုံးခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
“ထမင်းထုပ်သွားပို့ချိန် ဟိုက (စကစ) က လက်နက်ကြီးနဲ့ လှမ်းထုခဲ့တာ။ လက်နက်ကြီး ဗုံးဆံက သူ့ခေါင်းတည့်တည့် သွားမှန်တာ။ တော်သေးတယ် မပေါက်ကွဲသွားလို့ ပေါက်ကွဲရင် တစ်စစီလိုက်ကောက်ရမှာ။ အခုက သူ့ခေါင်းပိန့်သွားပြီး ဦးနှောက်ထိသွားတာ။”လို့ ပြောပါတယ်။
ကျဆုံးသွားတဲ့ရဲဘော်မှာ နဘားရွာဇာတိ အသက် (၂၃) နှစ်အရွယ် KPDF ရဲဘော်ကျွဲကြီးဖြစ်ကြောင်း သိရပါတယ်။
အင်းတော်မြို့တွင်း တိုက်ပွဲကို ဩဂုတ်လ ၁၆ ရက်နေ့က ဖော်ဆောင်ခဲ့တာဖြစ်ပြီး အင်းတော်မြို့နဲ့ (၂) မိုင်ကျော်အကွာမှာရှိတဲ့ နဘားလမ်းဆုံ စစ်ကောင်စီတပ်စခန်းနဲ့ နဘားဘုန်းတော်ကြီးကျောင်း အထိုင်စခန်းတို့ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ထားနိုင်ခဲ့သလို အင်းတော်ရဲစခန်းကိုလည်း ဩဂုတ်လ ၂၄ ရက်နေ့မှာ သိမ်းပိတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အင်းတော်မြိုမှာ ဩဂုတ်လ ၁၆ ရက်နေ့ကတည်း မြို့တွင်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အတွက် တိုက်ပွဲဟာနှစ်လနီးပါးရှိလာပြီဖြစ်သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလင်းဝင်တာနဲ့ သေဆုံးသူတွေများခဲ့ပြီး၊ တော်လှန်ရေး အင်အားစုဘက်ကလည်း ကျဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က မြို့မစေတီဘုရားကုန်း၊ မြို့ဦးစေတီနဲ့ ဂျပန်လှိုင်ဂူကုန်းခေါ် စစ်တပ်ကုန်းဘက်မှာ အင်အား (၂၅၀) လောက်နဲ့ နေရာယူထားတယ်လို့လည်း သိရပါတယ်။