ဖားကန့် Lucky Men ၌ တပ်စွဲနေသည့် စကစ ကို တိုက်ခိုက်၍ တိုက်ပွဲဖြစ်၊ လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး သေဆုံး
–
ဖားကန့်မြို့၊ ဆိုင်းတောင်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွါးနေပြီး စစ်ကောင်စီဗျူဟာကုန်းမှပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ည ၈ နာရီကစပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ နေရာယူထားသည့် Lucky Men ဟိုတယ်နှင့် ကေတီဗီအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်သည်ဟု ဖားကန့်ဒေသခံတစ်ဦးထံမှတဆင့် သိရှိရသည်။
“မနေ့ည ကပစ်တဲ့ သေနတ်သံတွေ ခုမနက်အထိ ဆိုင်းတောင်မှာ တိုက်ပွဲပြန်ဖြစ်နေကြပြီး။ Lucky Men ကို အပြီးသိမ်းမယ်ထင်တာပဲ။”ဟု ဒေသခံက ထင်ကြေးပေးသည်။
တိုက်ပွဲအတွင်း ဖားကန့်မြို့စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူပေးနေပြီး ယနေ့နံနက် ၆ နာရီတွင် ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
“ဖားကန့် ကျောက်ဝိုင်းလမ်းက မီသားစု လက်ဘက်ရည်ဆိုင်ရှေ့ လမ်းဆုံနားကျတာ၊ အရင်ဆို လူတွေတိုးလို့ မပေါက်တဲ့နေရာပေါ့။”ဟု ဒေသခံကပဲ ပြောပါသည်။
ထိုလက်နက်ကြီး ပေါက်ကွဲခဲ့ရာမှ အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့ကတည်းက ကေတီဗီကိုလာရောက်တဲ့ KIA နှင့် KPDF အဖွဲ့ဝင်တို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့် ဖြစ်စဉ်မှတစ်ဆင့် တိုက်ပွဲစတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။