စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် (၇) ဦးသေဆုံးခဲ့ပြီး ပြည်သူ့နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေပျက်စီး
–
စစ်ကိုင်းတိုင်း၊ ကောလင်းမြိုနယ် အနောက်ခြမ်းရှိဥက္ကံရွာကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကောလင်းမြို့က စစ်ဘေးရှောင်ပြည်သူ (၃) ဦး အပါအဝင် စုစုပေါင်း (၇) ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။
ကောလင်းမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး ၂ လကျော်ကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့လို့ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကောလင်းမြို့ခံအများစုဟာ ကောလင်းအနောက်ခြမ်းဘက်ကို တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ၁၁ နာရီခွဲလောက်မှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ (၂) စီးနဲ့ ဗုံး (၄) လုံးကြဲချခဲ့တာဖြစ်ပြီး၊ ဥက္ကံရွာရဲ့ မြောက်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ကောလင်းဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
“ရွာမြောက်ဘက် ပင်လည်ဘူးလမ်းခွဲကို ပစ်သွားတာပါ။ ပြည်သူတွေ အထိခိုက်တွေနဲ့ နေအိမ်အထိခိုက်တွေ ရှိခဲ့တယ်။”လို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၇) ဦးသေဆုံးခဲ့ပြီး၊ လူနေအိမ် (၈) လုံးပျက်စီးခဲ့တဲ့အပြင် လောင်စာဆီ (၆၉) လုံး၊ ဆိုင်ကယ် (၁၂) စီး၊ ဆီသယ်ကားကြီး (၃) စီး၊ လူစီးကား (၃) စီး၊ တွင်စက်မှုလက်မှုအလုပ်ရုံမှ မီးစက်ဒိုင်နမို (၆) လုံး၊ စာစီစာရိုက် ကွန်ပျူတာ ပစ္စည်းအစုံနဲ့ စားသောက်ကုန်စုံဆိုင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ သူတွေကတော့ ကောလင်းမြို့မှ စစ်ဘေးရှောင်လာကြတဲ့ အသက် (၆၅) နှစ်အရွယ် ဦးသိန်းမြင့်၊ (၃၈) နှစ်အရွယ် ကိုသောင်းထိုက်ဦး၊ (၂၄) နှစ်အရွယ် ကိုသန့်ဇင်စိုး၊ ဥက္ကံရွာမှ အသက် (၅၂) အရွယ် ဒေါ်ရွှေလှိုင်၊ (၂၃) နှစ်အရွယ် မစန္ဒာခိုင်၊ တကောင်းအိုင်ရွာမှ (၅၃) နှစ်အရွယ် ဦးကျော်အောင်နဲ့ အမည်မသိရှိရသူတစ်ဦး၊ စုစုပေါင်း (၇) ဦး ပွဲချင်းပြီး သေဆုံးသွားပြီး၊ အမျိုးသမီး (၃) ဦးနဲ့ ကလေး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ် ရဲဘော်တစ်ဦးက ပြောပါတယ်။
“(၂၃) နှစ်အရွယ် မပန်းအိခိုင်ကတော့ ဒဏ်ရာပြင်းထန်ပြီးတော့ ညာခြေတောက် ဖြတ်ထားရတယ်။ တခြားအမျိုးသမီး (၂) ဦးနဲ့ (၁၀) နှစ်အောက် ကလေး (၂) ဦးကတော့ မစိုးရိမ်ရဘူး။”လို့ ပြောပါတယ်။
စစ်ကောင်စီပိုင် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ကောလင်းမြို့အနောက်ခြမ်း ဥက္ကံရွာကို လေကြောင်းနဲ့ ဗုံးကြဲရန် လှုံ့ဆော်တာတွေလုပ်ဆောင်ခဲ့ပြီး ဗုံးကြဲပြီးနောက်မှာလည်း ဒုတိယကောလင်းဖြစ်တဲ့ စစ်ရှောင်တွေရှိတဲ့ဘက် ဥက္ကံရွာကို လေကြောင်းနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တင်ထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာလည်း ကောလင်းနယ်က တကောင်းအိုင်ရွာနဲ့ ရွာသစ်ရွာကို လေကြောင်းနဲ့ကြဲခဲ့လို့ ပြည်သူ (၁) ဦးသေဆုံးကာ (၁၅) ဦးဒဏ်ရာရရှိခဲ့ပြီး (၁၀) နှစ်အောက် အမျိုးသမီးငယ်တစ်ဦး ခြေတောက်ဖြတ်ရမယ့် အခြေနေထိ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းမတွင်း ကောလင်းအနောက်ခြမ်း ကန့်ဘလူနယ်နဲ့ ကျွန်းလှနယ်တို့ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ၊ အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။