ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အတွင်း အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ ပြည်သူ (၇) ဦး ထပ်မံသေဆုံး၊ နေအိမ်တွေလည်း ပျက်စီး
–
စစ်ရှောင်တွေအများ တိမ်းရှောင်ခိုလှုံနေတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့ အနောက်ဘက်ခြမ်းနဲ့ ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးဆက်တိုက်ကြဲချခဲ့လို့ အရပ်သားနေအိမ်တွေ ပျက်စီးခဲ့သလို ပြည်သူ (၇) ဦးလည်း သေဆုံးသွားခဲ့ရတယ်လို့ ဒေသတွင်းရဲဘော်တွေဆီကနေ သိရပါတယ်။
မနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲလောက်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ ကောလင်းမြို့က စစ်ဘေးရှောင်တွေ အများစုတိမ်းရှောင်နေတဲ့ မြို့ရဲ့အနောက်ခြမ်းဘက်က ဥက္ကံရွာကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။
“ဥက္ကံမှာက ကောလင်းမြို့က စစ်ဘေးရှောင်တွေ တော်တော်များများ ရှိနေတာ။ အကုန်လုံးက အဲ့ဘက်မှာ ဈေးဆိုင်တွေဖွင့်ပြီး နေကြတာ။ အခုက အဲ့ကို စစ်ရှောင်တွေရှိမှန်း သိသိကြီးနဲ့ကြဲချတာ။ ပြည်သူတွေတော့ ထိကုန်တာပေါ့။”လို့ ရဲဘော်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ် (၂) စီးနဲ့ ဗုံး (၄) လုံးကြဲချ တိုက်ခိုက်မှုကြောင့် ဥက္ကံရွာမှ ပြည်သူပိုင် ဆီသိုလှောင်ရုံနဲ့ တွင်ခုံဆိုင်တို့ ပျက်စီးခဲ့ပြီး မိသားစုတစ်စုတည်းက (၅) ဦး အပါအဝင် ပြည်သူ (၇) ဦး သေဆုံးသွားခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲမှာလည်း မိတ္ထီလာကနေတက်တဲ့ တိုက်လေယာဉ်တစ်စီးနဲ့ပဲ ကန့်ဘလူမြို့နယ် ပင့်သာတိုက်နယ်ရှိ ပင်းတဲရွာကို ဗုံးသီး (၂) လုံး ကြဲချခဲ့လို့ နေအိမ် (၄) လုံးပျက်စီးခဲ့သေးတယ်လို့လည်း ပြောပါတယ်။
အဲ့ဒီအပြင် ည ၈ နာရီလောက်မှာ ပင့်သာတိုက်နယ်ထဲက မကျီးကုန်းရွာကို လေကြောင်းနဲ့ ထပ်မံကြဲချခဲ့လို့ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ကောလင်းအနောက်ခြမ်း တကောင်းအိုင်ရွာကို လေကြောင်းနဲ့ ကြဲချခဲ့လို့ ၁၀ နှစ်အောက် မိန်းကလေးငယ်တစ်ဦး ခြေတောက်ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာလည်း ကောလင်းအရှေ့ခြမ်းက ရွာသစ်ကျေးရွာကို ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ (၇) ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၀) လုံးပျက်စီးခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေလည်း သေဆုံးခဲ့သေးကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကောလင်း၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်အစပ်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ သိရပါတယ်။