မိုင်းရယ်မှာ စစ်ရေးတင်းမာမှုတွေရှိနေပေမဲ့ သန်းခေါင်စာရင်း စကောက်နေ
–
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ စစ်ရေးတင်းမာမှုတွေရှိနေပေမဲ့ စစ်ကောင်စီဘက်က သန်းခေါင်စာရင်း လိုက်ကောက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရပ်ကွက် (၃) ခုရှိတဲ့ မိုင်းရယ်မြို့မှာ မနေ့က အောက်တိုဘာလ ၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ စာရေးမတွေ ရက်ကွက် (၁) ကနေစပြီး၊ သန်းခေါင်စာရင်း စတင်ကောက်ခဲ့တယ်လို့ မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက်က ကွမ်းယာသွားဝယ်ရင်း ကွမ်းယာဆိုင်မှာ ကြားခဲ့တယ်။ ရက်ကွက် (၁) ကို ကောက်သွားတယ်တဲ့။ ကျွန်တော်တို့ ရပ်ကွက်ကိုတော့ မကောက်သေးဘူး။”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် မိုင်းရယ်မြို့မှာ MNDAA နဲ့ စစ်ကောင်စီတပ်တွေက စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ကတည်းက ဆောက်လုပ်ရေးကားကြီးတွေနဲ့ မြို့ထဲက (၃၂၅) တပ်မှာ ခံစစ်အခိုင်အမာပြင်နေပြီး၊ ဟိုယရွာဘက်က (၆၇) တပ်မှာလည်း အင်အားဖြည့် ကတုတ်ကျင်းတူး၊ အဆောက်အအုံဆောက်တာတွေ လုပ်ဆောင်နေပြီး SSPP ကတော့ အရင်တိုင်း အပြောင်းအလဲသိပ်မရှိ၊ မြို့ထဲမှာပဲ ဆက်ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
MNDAA ဘက်ကလည်း မိုင်းရယ်မြို့နဲ့ (၅) မိုင်လောက်ဝေးတဲ့ ဟိုယရွာဘက်နဲ့ မန့်ဆန်ရွာဘက်တွေမှာ အင်အားဖြည့်တာတွေ လုပ်ဆောင်နေပေမဲ့ မြို့တွင်းတိုက်ပွဲ ဖြစ်လာနိုင်ခြေတွေတော့ မရှိသေးဘူးလို့ မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“မြို့ထဲ SSPP ရှိနေသ၍ စစ်မဖြစ်နိုင်ဘူးဆိုပြီး သိထားကြတယ်။ အကယ်၍ SSPP မရှိတော့ဘူးဆိုရင်တော့ မြို့ကနေရှောင်ရမယ်လို့ ပြောနေကြတယ်။ သူတို့က ဖြစ်မယ်ဆိုရင်တော့ ကြိုပြောမယ်လို့ ပြောထားတယ်တဲ့။”လို့ မြို့ခံက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ အောက်တိုဘာလ ၂ ရက်နေ့ ည ၈ နာရီလောက်က မိုင်းရယ်မြို့ကို လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီး လွယ်ဆီဘုန်းကြီးကျောင်းအနီး ကျရောက်ခဲ့လို့ လူအထိခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။
အဲ့ဒီအပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ကောင်းမောင်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ နေအိမ်တွေနဲ့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံတွေ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။