လားရှိုးမှာ လေယာဉ်ဗုံးထပ်မံကြဲချနေ၊ ပြည်သူတစ်ဦး ထိခိုက်
–
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ထပ်မံဗုံးကြဲခဲ့လို့ ပြည်သူတစ်ဦးထိခိုက်ပြီး နေအိမ် (၅) လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ညသန်းခေါင် ၁၂ နာရီကျော် မိနစ် ၄၀ အချိန်လောက်မှာ ဂျက်ဖိုက်တာ (၁) စီးနဲ့ ဗုံး (၃) လုံးကြဲချခဲ့ပြီး လူနေအိမ်ရပ်ကွက်ထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ခဲ့ပြီး နေအိမ် (၅) လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“(၃) ကြိမ်ကြဲချပါတယ်။ ရပ်ကွက် – ၁၁ ကိုကျတာ။ လူတစ်ယောက်ထိတယ်။ လက်မောင်းဒဏ်ရာပါ မစိုးရိမ်ရပါဘူး။ နေအိမ်တွေတော့ (၅) လုံးပျက်သွားတယ်။”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က လားရှိုးမြို့ကို ထပ်မံဗုံးကြဲခဲ့လို့ မန်ဆူဟိုတယ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၂၀) လောက် ပျက်စီး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက ဒီတစ်လအတွင်း လားရှိုးမြို့နဲ့အနီးရှိ ကျေးရွာတွေကို (၁၀) ကြိမ်ထက်မနည်း လေကြောင်းနဲ့ ဗုံးကြဲခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။