ကန့်ဘလူမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲမှုကြောင့် ကျေးရွာပြည်သူများ သေဆုံးထိခိုက်မှုရှိပြီး ခရီးသွားပြည်သူများလည်း ထိခိုက်သေဆုံးကြောင်းပြော
–
စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးတွေလိုက်လံကြဲချနေလို့ ကျေးရွာ (၃) ရွာက ပြည်သူ (၅) ဦးနဲ့ ခရီးသွားပြည်သူ (၁) ဦး သေဆုံးခဲ့ပြီး (၇) ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် စံပါယ်နံ့သာကျေးရွာမှာ အထိုင်ချတဲ့စခန်းက စစ်ကောင်စီနဲ့ ပျူစောထီးအင်အား (၂၀၀) လောက်ဟာ မန္တလေး – မြစ်ကြီးနား လမ်းပေါ်ရှိ ကျေးရွာတွေမှာ ပိတ်မိနေတဲ့ ခရီးသွားကားတွေကို ဒရုန်းတွေနဲ့ထောက်လှမ်းပြီး ဗုံးတွေကြဲချခဲ့လို့ ပြည်သူသေဆုံးတာတွေရှိခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
“စံပါယ်နံသာအထိုင်ကခွေးတွေ ကင်းထောက်တာကနေ ကျနော်တို့အဖွဲ့တွေနဲ့မှားပြီး ချတာလို့ ယူဆရပါတယ်ဗျ။ ကားတွေလည်း ပိတ်ထားတော့ လူတွေလည်း စုနေတော့ PDF တွေနဲ့မှားပြီးချတာ ဖြစ်လောက်တယ်။”လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်မှာ မန္တလေး – မြစ်ကြီးနားလမ်းပေါ်မှာရှိတဲ့ ရေရှင်ကျေးရွာကိုလည်း ဒရုန်းနဲ့ဗုံးသီး (၆) လုံးကြဲချခဲ့လို့ အသက် (၅၀) နှစ်အရွယ် ဦးခင်ဆွေသေဆုံးခဲ့ပြီး၊ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၃) ဦး ထိခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အောင်တိုင်းလယ်ကျေးရွာကို ထပ်မံဗုံးကြဲချခဲ့လို့ အသက် (၅၀) နှစ်ကျော်အရွယ် ဒေါ်ရွှေ အနားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နှလုံးလန့်သေဆုံးခဲ့သေးတယ်လို့ အထက်ပါတော်လှန်ရေး ရဲဘော်က ပြောပါတယ်။
မနေ့က ၂၈ ရက်နေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာလည်း ကန့်ဘလူမြို့နယ် ရွှေဘို – မြစ်ကြီးနားလမ်းပေါ်က မှန်နီပင်ကျေးရွာမှ ခရီးသည်ကားတွေ ပိတ်မိနေချိန် ဒရုန်းနဲ့ ဗုံးသီး (၃) လုံး ထပ်မံကြဲချခဲ့လို့ (၅) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၄) ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
သေဆုံးသွားတဲ့ ပြည်သူတွေဟာ မှန်နီမင်ကျေးရွာမှ အသက် (၅) နှစ်အရွယ် မဖူးဝေ၊ အသက် (၂၅) နှစ်အရွယ် မအိအိနိုင်၊ အသက် (၃၅) နှစ်အရွယ် မအိအိခိုင်၊ အသက် (၅၀) နှစ်အရွယ် ဒေါ်လှော်တို့ ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
အင်အား (၁၂၀) ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၆ ရက်နေ့က ကန့်ဘလူ (၆၀၀၆) တပ်ရင်းကနေ ထွက်လာပြီး စံပယ်နံ့သာ အထိုင်စခန်းမှာထိုင်ပြီး လှုပ်ရှားခဲ့လို့ မန္တလေး – မြစ်ကြီးနား လမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီးနဲ့ မှန်နီပင်ကျေးရွာမှာ ခရီးသွားကားတွေကို ယာယီရပ်ခိုင်းထားပြီး ကားတွေကို အလှည့်ကျ ဖြတ်သွားခွင့်ပြုပေးခဲ့ကြောင်းလည်း သိရပါတယ်။