ပင်လည်ဘူးမြို့ မကျရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ခုခံနေပြီး စစ်ကူတွေလည်း ပို့နေတယ်လို့ပြော
–
တိုက်ပွဲပြင်းထန်နေတဲ့ ပင်လည်ဘူးမြို့မှာ စစ်ကောင်စီတပ်က မြို့မကျရေးအတွက် အပြင်းအထန်ခုခံနေပြီး စစ်ကူတွေပို့ပေးနေသလို လေကြောင်းနဲ့လည်း အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။
ပင်လည်ဘူးမြို့မှာ မြို့တွင်းတိုက်ပွဲဖြစ်ခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်၊ စက်တင်ဘာလ ၈၊ ၉ နှင့် ၂၃ ရက်နေ့များတွင် စစ်ကောင်စီတပ်က ဟုမ္မလင်း၊ ကန့်ဘလူ ၆၀၀၆ တပ်၊ နမခ ဘက်ကနေ တက်လာတာတဲ့ MI-17 ထောက်ပို့ယာဉ် (၈) စီးနဲ့ (၄) ကြိမ်တိုင်တိုင် စစ်ကူလာပို့ပြီး တစ်ခါပို့ရင် စစ်အင်အား (၁၀၀) နီးပါး လာချခဲ့တယ်လို့ ပြောပါတယ်။
“ပင်လည်ဘူးမြို့ကို တိုက်လျက်ရှိတယ်။ ရန်သူအကြမ်းဖက် စကစ တွေက ဒီအတောအတွင်း ဗိုက်ပူ (၈) စင်းနဲ့ (၄) ကြိမ် စစ်ကူလာပို့တယ်။”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့က စစ်ကူပို့တဲ့ အင်အား (၁၀၀) လောက်ထဲက အင်အား (၈၀) ကျော်ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ပင်လည်ဘူးမြို့ကို လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေခဲ့ပြီး မနေ့က စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း တစ်ရက်လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
“မနေ့က မနက်ပိုင်းရော၊ နေ့လယ်ပိုင်းရော၊ ညနေပိုင်းရော ညသန်းခေါင်တွေပါ တရဆက် လာကြဲတယ်ဗျ။ မြို့အနီးဝန်းကျင်က တောစပ်တွေပါပဲ၊ မြို့နဲ့နီးတာပေါ့။”လို့ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးအတွက် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်နေသလို အာရှဘဏ်ကုန်း၊ ရဲစခန်းနဲ့ တောရကျောင်းဘက်မှာလည်း စစ်အင်အား (၆၀၀) နီးပါးနဲ့ခံစစ်ပြင် ခုခံနေတယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုတွေက (၅) ကြိမ်မြောက်အဖြစ် ဩဂုတ်လ ၁၅ ရက်နေ့ကနေ ပြန်လည်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။