ချီဖွေနဲ့ ဆော့လော်မြို့နယ်က စကစ တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၊ စခန်းတချို့ကို သိမ်းပိုက်
–
ကချင်ပြည်နယ် အထူးဒေသ – ၁ အတွင်းရှိ ချီဖွေမြို့နှင့် ဆော့လော်မြို့များတွင် KIA ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်စခန်းအချို့ကို သိမ်းပိုက်ထားနိုင်တယ်လို့ သိရပါတယ်။
ချီဖွေမြို့အတွင်း ဒီမနက် ၅ နာရီခန့်ကစပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး မြို့ခံပြည်သူများ ဘေးလွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဒီမနက် ၅ နာရီကနေ တိုက်ပွဲဖြစ်လာတာ၊ အခုထိဘဲ တစ်နေကုန်ဘဲ။ ကျွန်တော်တို့လည်း လွတ်မြောက်ရာကို တိမ်းရှောင်နေတာ၊ အခုထိ ထမင်းတောင် မစားရသေးဘူး။”လို့ ဒေသခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲတွင် အရပ်သားအမျိုးသမီးတစ်ဦးထိခိုက် သေဆုံးမှုရှိကြောင်းနဲ့ စစ်ကောင်စီက လေယာဉ်နဲ့ တစ်ခါလာတိုက်ပြီးနောက် မိုးရွာတာကြောင့် ဆက်လက်တိုက်ခိုက်တာ မရှိတော့ကြောင်း ဒေသခံက ဆက်ပြောပါတယ်။
ချီဖွေဗျူဟာကုန်းနှင့် ချီဖွေရဲစခန်းတွေအပြင် ရှငေါ်ကျေးရွာအထိုင်တပ်စခန်းတစ်ခု၊ ဆော့လော်ဗျူဟာကုန်း၊ ၄ မိုင် စုပေါင်းဂိတ်တွေကို တပြိုင်နက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပွဲဖြစ်တာရှိတယ်။ ထိုးစစ်ဆင်တာလား၊ စစ်ကောင်စီနဲ့ စစ်ကြောင်းထိုးလို့ ဖြစ်တာလား၊ ဘာကြောင့်ဖြစ်သလဲဆိုတာ မသိရဘူး။ ရှငေါ်၊ ချီဖွေ၊ ဆော့လော်ဘက်မှာ တိုက်ပွဲဖြစ်နေတာတော့ ဟုတ်တယ်။”လို့ ဆိုပါတယ်။
ချီဖွေမြို့နယ်ထဲက ကာကင်းစခန်းတစ်ခုကိုလည်း ဒီမနက် ၉ နာရီဝန်းကျင်က သိမ်းယူထားနိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဆော့လော်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်၏ ပွိုင့် ၁၄၈၉ တပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။