စစ်ကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်ချက်ကို အာဏာလွှဲပြောင်းယူမှုအတွက် ထုချေလွှာနှင့် သန်းခေါင်စာရင်းကောက်မည့် ထုတ်ပြန်ချက်ဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ပြော
–
စစ်ကောင်စီက ယနေ့ထုတ်ပြန်လိုက်သည့် ကမ်းလှမ်းဖိတ်ခေါ်ချက်ကို ခေါ်ပုံခေါ်နည်းလိုနေသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က လှုမှုကွန်ရပ်ပေါ်တွင် ပို့စ်တင်ပြီး တုံ့ပြန်လိုက်ပါသည်။
စစ်ကောင်စီက လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြပ်အတည်းများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တိုင်းရင်းသားအဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများကို ကမ်းလှမ်းဖိတ်ခေါ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် “လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။”ဟု ပါရှိသည်။
စစ်ကောင်စီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံနှင့်အညီ အာဏာကိုလွှဲပြောင်းရယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ကမ်းလှမ်းချက်၌ ဖော်ပြထားပြီး ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။
အထက်ပါ အချက်များအဓိက ပါဝင်သည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်က “ဘာကြောင့် အာဏာလွှဲပြောင်း ယူလိုက်ရတာလဲ ဆိုတာကို “ထုချေလွှာတင်ပြ” သန်းခေါင်စာရင်းကောက်မည်ဖြစ်ကြောင်း ကြေငြာသော ထုတ်ပြန်ချက်ဖြစ်နေ”ဟု Gunmaw Sumlut (Facebook) အကောင့်မှတဆင့် သရော်ထောက်ပြထားသည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ယနေ့ကမ်းလှမ်းချက်တွင် PDF ပါဝင်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟူသည့် အသုံးအနှုန်း မပါသည်ကို တွေ့ရသည်။