အင်းတော်မြို့မဘုန်းကြီးကျောင်းမှာ ဖမ်းဆီးပိတ်မိသူတွေထဲ ကျောင်းထိုင်ဘုန်းကြီး၊ သံဃာ (၂၇) ပါးနဲ့ ပြည်သူတွေ ပိတ်မိနေဆဲလို့ပြော
–
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးပိတ်ဆို့ထားတဲ့အထဲ ကျောင်းထိုင်ဘုန်းကြီးနဲ့ သံဃာ (၂၇) ပါး ဆက်လက် ပိတ်မိခံထားရဆဲဖြစ်ပြီး၊ ပြည်သူ ငါးရာလောက်လည်း ကျန်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က မြို့မဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ထိန်းသိမ်းထားတဲ့ ပြည်သူတစ်ထောင်လောက်ထဲက ပြည်သူ (၄၀၀) လောက် ထွက်ပြေးလွတ်မြောက်လာတယ်လို့ အသက် (၆၀) အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ထွက်ပြေးလွတ်မြောက်လာတဲ့ထဲ သံဃာ (၆) ပါး ပါဝင်ပေမဲ့ ကျောင်းတိုင်ဘုန်းကြီးနဲ့ သံဃာ (၂၇) ပါး ကျန်ရှိနေသေးပြီး၊ အင်းတော်မြို့က ပျူစောထီးခေါင်းဆောင် အောင်မြင့်နိုင်ဆိုသူက ထွက်မသွားဖို့ ပြောဆိုနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
“ကျောင်းတိုင်ဘုန်းကြီးနဲ့ သံဃာ (၂၇) ပါးလောက် ကျန်နေသေးတယ်။ ဘုန်းကြီးကလည်း သက်တော်လည်း (၈၀) နီးပါးရှိနေပြီဆိုတော့ ထွက်ချင်နေပြီ။ အဲ့မှာရှိတဲ့ ပျူခေါင်းဆောင် အောင်မြင့်နိုင်က ဆရာကြီးလုပ်နေပြီး မထွက်ဖို့ပြောနေတာ”လို့ ဆိုပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် PDF၊ ပကဖများက ဩဂုတ်လ ၁၆ ရက်မှာ စတင်ခဲ့ရာ အခုလက်ရှိအချိန်ထိ ရက်ပေါင်း (၄၀) ရှိနေပြီဖြစ်ပြီး မြို့တစ်ဝက်ကျော်ကို ထိန်းထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်းတော်မြို့ရှိ တပ်မ (၇၇) ၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားတဲ့ စစ်တပ်ကုန်းနဲ့ တဆက်တည်းရှိနေပြီး၊ မီတာ (၉၀၀) ကျော်အကွာအဝေးရှိတဲ့ အင်းတော် မြို့မဘုန်းကြီးကျောင်းမှာ တပ်စွဲနေကြောင်း သိရပါတယ်။