ဖားကန့်မြို့ ဗျူဟာကုန်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ
–
ဖားကန့်မြို့ ဗျူဟာကုန်းကို KIA ပူးပေါင်းအဖွဲ့က မနေ့က မွန်းလွဲပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို Lucky Men Hotel မှာလည်း မနေ့ညက လက်နက်ကြီးကျလို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မနေ့က မွန်းလွဲပိုင်းကနေစပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးသံတွေ ဖားကန့်မြို့အတွင်း ဆူညံစွာကြားခဲ့ရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
“မနေ့က လက်နက်ကြီးနဲ့ ပစ်တာ။ ၄၀၊ ၆၀ တို့နဲ့၊ ဗျူဟာကုန်းကနေလည်း နေ့လယ်ခင်းကစလို့ ညနေပိုင်းအထိ ၃ မိနစ်၊ ၅ မိနစ်ခြားတစ်ခါ ပြန်ပစ်နေတာ။”လို့ ဒေသခံက ပြောပါတယ်။
မနေ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားတဲ့ Lucky Men ဟိုတယ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဆက်ပြောပြပါတယ်။
“ဟိုတယ်က RC တိုက်ဆိုတော့ လက်နက်ကြီးကျည်ကြောင့် အတွင်းခန်းဆိုဖာတွေထိပြီး မီးလောင်တာနေမှာ။ ပြန်ငြိမ်းသွားတယ်လို့ ပြောကြတယ်။”
စက်တင်ဘာ ၇ ရက်နေ့ကစပြီး ယနေ့အထိ ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကျေးရွာကဒေသခံတွေအပြင် အနီးအနားက ကျေးရွာတွေဖြစ်တဲ့ မော်ရှန်၊ ဖားပြင်၊ မမုံ စတဲ့ ကျေးရွာဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေဟာ နေ့တိုင်းလိုလိုဖြစ်ပွားနေပြီး လေယာဉ်ဗုံးကြဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် Lucky Men ပတ်ဝန်းကျင်က နေအိမ်တွေအပြင် တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ အရပ်သားနေအိမ်တွေပါ ထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။