မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့မှာ တော်လှန်ရေးတပ်တွေနဲ့ စကစ ထိတွေ့တိုက်ခိုက်မှုတွေဖြစ်
–
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ပေါ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ စဖြစ်နေပြီး၊ တိမ်းရှောင်တဲ့ ပြည်သူတွေရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တက်ဘာ ၂၃ ရက်နေ့ညကနေ ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့အထိ နှစ်ဖက်စစ်ရေးလှုပ်ရှားတာတွေ ရှိနေကြပြီး၊ ပြည်သူတွေလည်း နီးစပ်ရာမြို့တွေကို ထွက်ပြေးတိမ်းရှောင်တာတွေ လုပ်နေကြပြီလို့ ဆင်ဖြူကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။
“ဆင်ဖြူကျွန်းမြို့မှာ ဟိုဘက်ဒီဘက် နှစ်ဖက် စစ်ရေးလှုပ်ရှားတာတွေရှိနေပြီ။ ပြည်သူတွေကလည်း (စက်တင်ဘာ) ၂၃ ရက်နေ့ ညကတည်းက လွတ်မယ်ထင်တဲ့ နီးစပ်ရာမြို့တွေ၊ နယ်တွေဘက်ကို အားချင်း ရှောင်နေကြတယ်။”လို့ ပြောပါတယ်။
ဆင်ဖြူကျွန်းမှာ စက်တင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကလည်း နွယ်တမယ်တံတားထိပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခရီးသွားပြည်သူတွေကို စစ်ဆေးနေချိန် မြို့ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်က စက်လက်နက်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။